ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တစ်သင်းဖြစ်တဲ့ စပါးအသင်းကတော့ တစ်ချိန်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ သူတို့အသင်း ကနေ စပိန် အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ တောင်ပံ ကစားသမား ဂါရတ်ဘေးလ်ကို အသင်းထံ ပြန်လည် ခေါ်ယူဖို့ အတွက် ကြိုးစားနေတယ် လို့ သိရပါတယ်။ အသက် ၃၁နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဂါရတ်ဘေးလ်ဟာ ဒဏ်ရာလူသားလို့ နာမည် ကြီးတဲ့ ကစားသမား ဖြစ်ပေမယ့် လက်ရှိအချိန် အထိ ကမ္ဘာ့အဆင့် ခြေစွမ်းကို ထိန်းသိမ်း ထားနိုင်သူ ဖြစ်ပြီး လတ်တလောမှာတော့ ရီးရဲလ် မက်ဒရစ်အသင်းရဲ့ နည်းပြ ဇီဒန်းနဲ့ အကွဲအပြဲ ဇာတ်လမ်းတွေ ရှိနေသူ တစ်ဦးပါ။

Photo Credit: Football London

ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်း ဥရောပ ချန်ပီယံလိဂ်ဖလားကို သုံးနှစ်ဆက် ရရှိအောင် အဓိက စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းမှာတော့ နည်းပြ ဇီဒန်းရဲ့ အမြင်မကြည်မှုတွေကို အမြဲတစေ ရရှိခဲ့ကာ ဇီဒန်း တစ်ယောက် ရီးရဲလ်မက်ဒရစ် အသင်းကို စတင် ကိုင်တွယ်ပြီး နောက်ပိုင်းမှာ အသင်းရဲ့ အဓိက ကစားသမားဆိုတဲ့ နေရာကနေ ပွဲထွက်လူစာရင်း မှာ ပါဝင်နိုင်ဖို့ မရေရာတဲ့ အခြေအနေအထိ ရောက်ရှိသွားခဲ့ပါတယ်။ လက်ရှိ ဘောလုံးရာသီမှာ ဆိုရင်တော့ ဇီဒန်းနဲ့ ဘေးလ်တို့ရဲ့ အကွဲအပြဲ ဇာတ်လမ်းဟာ ပိုမို ဆိုးရွားလာခဲ့ပြီး ရာသီကုန်ခါနီးမှာ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်တွေမှာ ဇီဒန်း အနေနဲ့ ဘေးလ်ကို လုံးဝ ထည့်သွင်း ကစားခဲ့ခြင်း မရှိသလို ဘေးလ်ကလည်း ရီးရဲလ် မက်ဒရစ်အသင်း နောက်ဆုံး ကစားခဲ့တဲ့ မန်စီးတီး အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပါဝင် ကစားပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

Photo Credit: Football London

နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Football Insider သတင်းဌာနရဲ့ အဆိုအရတော့ ဂါရတ်ဘေးလ်ရဲ့ အသင်းဟောင်း စပါးအသင်းဟာ ဘေးလ်ကို သူတို့အသင်းထံ ပြန်လည် ခေါ်ယူနိုင်ဖို့ အတွက် စတင် ပြင်ဆင် နေပြီလို့ သိရပါတယ်။ ဘေးလ်ဟာ ရီးရဲလ် မက်ဒရစ်အသင်းနဲ့ အတူ ၂၀၂၂ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ရှိနေသေးပေမယ့် လက်ရှိအချိန်မှာတော့ ရီးရဲလ် မက်ဒရစ်အသင်းဟာ ဘေးလ်ကို အသင်းမှာ ဆက်လက် ထားရှိလိုစိတ် မရှိတော့ပဲ ရရာ ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းခိုင်းဖို့ စဉ်းစားထားတယ် လို့ စပိန်အခြေစိုက် သတင်းဌာနတွေကလည်း ဖော်ပြ ထားကြပါတယ်။ ဒါ့ကြောင့် ရီးရဲလ် မက်ဒရစ်အသင်းနဲ့ အဆင်မပြေ ဖြစ်နေတဲ့ ဘေးလ်ဟာ သူ့ရဲ့ အသင်းဟောင်း စပါးအသင်းဆီကို မကြာမီမှာပဲ ပြန်လည် ရောက်ရှိလာနိုင်ချေ ရှိတယ်လို့ သုံးသပ်လိုက်ပါရစေ…။