ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက စီးရီးအေကလပ် အူဒီးနိစ်ရဲ့ ဘယ်နောက်ခံလူ အူဒိုဂီကို ခေါ်ယူဖို့ အူဒီးနိစ်နဲ့ရော ကစားသမားနဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အီတလီ ယူ-၂၁ လက်ရွေးစင် လူငယ် ဘယ်နောက်ခံလူ အူဒိုဂီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အူဒီးနိစ်နဲ့အတူ အတော်လေး တောက်ပခဲ့တဲ့ ကစားသမား တဦး ဖြစ်ပြီး သူက အူဒီးနိစ်ရဲ့ ဘယ်နောက်ခံ တနေရာကို အပိုင်စား ရရှိထားပါတယ်။

Photo Credit: Team Talk

အူဒိုဂီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အူဒီးနိစ်အတွက် ပြိုင်ပွဲစုံမှာ ၃၇ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၅ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အီတလီ ဈေးကွက်ကို ကျွမ်းကျင်တဲ့ စပါးရဲ့ အားကစားဒါရိုက်တာ ပါရာတစ်စီနဲ့ နည်းပြ ကွန်တီတို့က သူတို့အသင်းရဲ့ ခံစစ်ကြောင်း အတွက် သူ့ကို ခေါ်ယူဖို့ မျက်စိကျသွားခဲ့တာပါ။

နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ စပါးက အူဒိုဂီအတွက် အူဒီးနိစ်ထံ စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၂၁သန်း ဝန်းကျင် တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှု တရပ် ပြုလုပ်ထားသလို အူဒိုဂီရဲ့ အေးဂျင့်နဲ့လည်း ချိတ်ဆက်မှုတွေ ပြုလုပ်ထားကာ စပါးဟာ အူဒိုဂီကို ခေါ်ယူပြီးရင် အူဒီးနိစ်ထံ တရာသီအငှား ပြန်ချနိုင်ကြောင်းလည်း သိရပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနကလည်း စပါးဟာ အူဒိုဂီအတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး စပါးက အူဒိုဂီကို ခေါ်ယူပြီးပါက အသင်းရဲ့ ဘယ်နောက်ခံလူ ရယ်ဂီလွန်ကို ရောင်းချဖွယ် ရှိကြောင်း ဖော်ပြထားပါတယ်။