MySport Myanmar

ဂျန့်တိုက်စစ်မှူး ဂစ်ဖ် အော်ဘန်ကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးနေတဲ့ စပါး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက ယမန်နေ့မှာပဲ သူတို့အသင်းကနေ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းကျော်နဲ့ ပြောင်းရွှေ့သွားတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ဂျန့်တိုက်စစ်မှူး ဂစ်ဖ် အော်ဘန်ကို ခေါ်ယူရန် တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

စပါးက သူတို့အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်နေတဲ့ ဟယ်ရီကိန်းကို ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းကျော်နဲ့ ယမန်နေ့မှာပဲ ရောင်းချခဲ့တာ ဖြစ်ပြီး ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်နဲ့ ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Standard

စပါးက ဟယ်ရီကိန်းကို ရောင်းထုတ်ပြီးနောက် ယခု နွေဈေးကွက် အတွင်းမှာ အရည်အသွေးမြင့် တိုက်စစ်မှူး တဦးကို ပြန်ခေါ်ဖို့ စီစဉ်ထားပြီး စပါးဟာ ဥရောပ တလွှားမှာ ရှိတဲ့ နာမည်ကြီး တိုက်စစ်မှူး အများအပြားကို လိုက်လံ ချိတ်ဆက်နေပေမယ့် ဂျန့်နဲ့အတူ အောင်မြင်နေတဲ့ အော်ဘန်ဟာ သူတို့ရဲ့ နံပါတ်၁ပစ်မှတ်ပဲ ဖြစ်ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ နိုင်ဂျီးရီးယား လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အော်ဘန်က ယခုနှစ် ဇန်နဝါရီလကမှ နော်ဝေကလပ် စတားဘက်ကနေ ဘယ်လ်ဂျီယံ ထိပ်သီးကလပ် ဂျန့်ဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ဂျန့်က အော်ဘန်ကို ပြောင်းရွှေ့ကြေး ယူရို ၃.၃သန်းနဲ့ ခေါ်ယူထားတာပါ။

Photo Credit: 90 Min

အော်ဘန်က ဂျန့်အတွက် ပြိုင်ပွဲစုံမှာ ၂၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၅ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး အော်ဘန်ရဲ့ ခြေစွမ်းက လူငယ်တိုက်စစ်မှူး တဦး အတွက် အတော်လေးကို အားရစရာ ကောင်းတဲ့ ခြေစွမ်းမျိုး ဖြစ်ပါတယ်။

ဒါကြောင့်ပဲ စပါးရဲ့ တာဝန်ရှိသူတွေက အော်ဘန်ကို သူတို့ရဲ့ နံပါတ်၁ပစ်မှတ် အဖြစ် သတ်မှတ်ထားတာ ဖြစ်ပြီး စပါးက အော်ဘန်အတွက် ဂျန့်နဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကာ စပါးဟာ အော်ဘန်အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၇သန်း ဝန်းကျင် သုံးစွဲဖို့ စီစဉ်ထားပေမယ့် ဂျန့်ကတော့ အော်ဘန်အတွက် ယူရို ၃၅သန်း ဝန်းကျင် အထိ လိုချင်နေကြောင်း သိရပါတယ်။

Exit mobile version