ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ အတော်လေးကို ရလဒ်တွေ ဆိုးဝါးနေတာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ နူနိုဆန်တိုကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားထားပြီး နူနိုဆန်တိုရဲ့နေရာ အတွက် ချယ်လ်ဆီးနဲ့ အင်တာမီလန် နည်းပြဟောင်း ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

အသက် ၄၈နှစ် အရွယ် ပေါ်တူဂီ လူမျိုး နည်းပြဖြစ်သူ နူနိုဆန်တိုဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ စပါးအသင်းကို စတင် ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၁၇ပွဲ ကိုင်တွယ်ထားရာ ၈ပွဲနိုင် ၂ပွဲသရေ ၇ပွဲရှုံး ရလဒ်ကို ရရှိခဲ့ပါတယ်။

Photo Credit: Standard

နူနိုဆန်တိုရဲ့ စပါးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁၀ပွဲ ကစားထားရာ ရမှတ် ၁၅မှတ် အထိ စုဆောင်းထားနိုင်ကာ အမှတ်ပေးဇယားရဲ့ အဆင့်၈နေရာကို ရောက်ရှိနေပြီး နည်းပြသစ် တဦး အတွက် ယခုလို ရလဒ်ပိုင်းဟာ မဆိုးရွားလှဘူးလို့ သုံးသပ်လို့ ရပေမယ့် နူနိုဆန်တိုဟာ ကစားသမား အများစုရဲ့ ထောက်ခံမှုကို မရရှိခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေတာပါ။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးအသင်းရဲ့ ဥက္ကဌ လီဗိုင်း ၊ အားကစား ဒါရိုက်တာ ပါရာတစ်စီနဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ ယမန်နေ့ညမှာ အထူး အစည်းအဝေး တရပ် ပြုလုပ်ကာ နူနိုဆန်တိုရဲ့ အခြေအနေကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးမှာ အစားထိုးနိုင်မယ့် နည်းပြသစ် တဦး ရရှိတာနဲ့ နူနိုဆန်တိုကို ရာထူးကနေ ထုတ်ပယ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း သိရပါတယ်။

Photo Credit: Standard

စပါးအသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ ပါရာတစ်စီက နူနိုဆန်တိုကို ခေါ်ယူပြီးနောက် အီတလီလူမျိုး နည်းပြတွေ ဖြစ်တဲ့ ကွန်တီနဲ့ ဖွန်ဆီကာတို့ကို နည်းပြသစ်တွေ အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ထားပြီး ချယ်လ်ဆီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိထားတဲ့ ကွန်တီဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

အီတလီ သတင်းတွေနဲ့ ပတ်သတ်ရင် စိတ်ချရတဲ့ သတင်းထောက် ဒီမာဇီယိုကလည်း စပါးအသင်းဟာ ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေကြောင်း အတည်ပြုပေးခဲ့ပြီး ကွန်တီဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ စပါးအသင်းကို ကိုင်တွယ်ဖို့ ငြင်းဆန်ခဲ့ပေမယ့် ပါရာတစ်စီနဲ့ လီဗိုင်းတို့ကသာ သူ့ကို စိတ်ကြိုက် ကစားသမား ခေါ်ယူခွင့် ပေးမယ် ဆိုရင် စပါးအသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြုထားပါတယ်။