ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးဟာ အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ရဲ့ ဆွီဒင် တောင်ပံတိုက်စစ် ကစားသမား ကူလူဆက်စကီးကို ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီးနောက် ဂျူဗင်တပ် ကွင်းလယ်လူ ဘန်တန်ကာကိုပါ ခေါ်ယူဖို့ ထပ်မံ ကြိုးစားနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
လန်ဒန်မြို့ အခြေစိုက် အသင်းတသင်း ဖြစ်တဲ့ စပါးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူရိုပါ ကွန်းဖရန့်လိဂ်ကိုသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီမှာ အီတလီ ထိပ်တန်းနည်းပြ ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ပြီး ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည် ရရှိအောင် ပစ်မှတ်ထား ကြိုးပမ်းနေတဲ့ အသင်းပဲ ဖြစ်ပါတယ်။
Photo Credit: Sky Sports
လက်ရှိအချိန်မှာ စပါးဟာ လက်ကျန် ချန်ပီယံလိဂ်ဝင်ခွင့် နှစ်နေရာစာ အတွက် ချယ်လ်ဆီး ၊ အာဆင်နယ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ ဝက်စ်ဟမ်း စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်နေရတာကြောင့် အသင်းကို တတ်နိုင်သမျှ အင်အားဖြည့်တင်းဖို့ စီစဉ်နေပြီး အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမား တဦးနဲ့ ကွင်းလယ်လူ တဦးတို့ကို ခေါ်ယူဖို့က သူတို့ရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ စီမံကိန်းထဲမှာ ပါဝင်ပါတယ်။
စပါးဟာ တောင်ပံတိုက်စစ်နေရာ အတွက် ဂျူဗင်တပ်ရဲ့ ဆွီဒင် ကစားသမား ကူလူဆက်စကီးကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ရာ ယမန်နေ့ညမှာပဲ နှစ်သင်းကြားမှာ အကြိုသဘောတူညီမှု ရရှိခဲ့ပြီးနောက် ကူလူဆက်စကီးရဲ့ အသင်းဖော် ဖြစ်သူ ဘန်တန်ကာကိုပါ ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုက အခိုင်အမာ ဆိုပါတယ်။
Photo Credit: Sky Sports
ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ စပါးဟာ ကူလူဆက်စကီးကို ရာသီဝက်အငှား + ရာသီကုန်မှာ မဖြစ်မနေ အပြီးသတ် ခေါ်ယူပါ့မယ် ဆိုတဲ့ သဘောတူညီမှုနဲ့ ခေါ်ယူနိုင်ဖို့ သေချာသွားပြီးနောက် ဘန်တန်ကာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းတန် ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ယခုအချိန်မှာ ဥရုဂွေး ကွင်းလယ်ကြယ်ပွင့် ဘန်တန်ကာကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ်ကလပ် အက်စ်တွန်ဗီလာကလည်း ကြိုးပမ်းနေပြီး စပါးနဲ့ ဗီလာတို့ နှစ်သင်းမှာ ဘယ်အသင်းက ဘန်တန်ကာကို အပိုင် သိမ်းနိုင်မလား ဆိုတာက ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။