ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက ဘယ်လ်ဂျီယံ နာမည်ကြီးကလပ် ကလပ် ဘရုဂေးရဲ့ တောင်ပံတိုက်စစ် ကစားသမား အန်တိုနီယို နူဆာကို ခေါ်ယူဖို့ အသင်းနဲ့ရော ၊ ကစားသမားနဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ပူပူနွေးနွေး နော်ဝေလက်ရွေးစင် အန်တိုနီယို နူဆာက ယခုနှစ် ဘောလုံးရာသီမှာ ကလပ် ဘရုဂေးရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား အဖြစ် ပွဲထွက်ခွင့် ရရှိနေသူပါ။

Photo Credit: Team Talk

အန်တိုနီယို နူဆာက ဘယ်တောင်ပံနဲ့ ညာတောင်ပံ နှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိသလို လိုအပ်ရင် နောက်ချန်တိုက်စစ်မှူး အဖြစ်ပါ ကစားနိုင်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ကလပ် ဘရုဂေးအတွက် ပြိုင်ပွဲစုံ ၂၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပါတယ်။

နူဆာက မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား မားကပ် ရက်ဖို့ဒ်နဲ့ ကစားပုံ ဆင်တူသူ ဖြစ်ပြီး သူ့ရဲ့ အလားအလာနဲ့ ခြေစွမ်းကောင်းတွေကြောင့် ဥရောပရဲ့ နာမည်ကြီးကလပ်တွေက နူဆာကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ လုပ်လာကြကာ စပါးကတော့ တခြားအသင်းတွေကို နောက်ကောက်ချကာ နူဆာကို ခပ်မြန်မြန် ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးက နူဆာကို ခေါ်ယူနိုင်ဖို့ ကလပ် ဘရုဂေးနဲ့ ဆွေးနွေးမှုတွေ လုပ်နေရာ ဆွေးနွေးမှုတွေက အရေးကြီးတဲ့အဆင့်ဆီ ရောက်ရှိနေပြီး မကြာခင်မှာပဲ အပြီးသတ် သဘောတူညီမှု ရရှိဖို့ နီးစပ်နေကြောင်း သိရပါတယ်။

ဒါပေမယ့် နူဆာက ရာသီဝက်ကာလမှာ ကလပ် ဘရုဂေးကို မစွန့်ခွာချင်တာကြောင့် စပါးဟာ နူဆာကို ခေါ်ယူပြီးနောက် ကလပ် ဘရုဂေးဆီ ရာသီဝက်အငှား ပြန်ချရဖွယ် ရှိနေကြောင်းလည်း ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။