ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးဟာ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဆွီဒင် လူငယ်ကြယ်ပွင့် ဘာ့ဂျ်ဗယ်လ်ကို ကြားဖြတ် ခေါ်ယူဖို့ အတွက် အရှိန်အဟုန်မြှင့် ကြိုးစားနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ ဆွီဒင်လူငယ်ကြယ်ပွင့် ဘာ့ဂျ်ဗယ်လ်က ဆယ်ကျော်သက် အရွယ်သာ ရှိသေးပေမယ့် မကြာသေးမီကပဲ ဆွီဒင်လက်ရွေးစင် အဖြစ် ကစားခွင့် ရရှိထားပြီး သူက ဆွီဒင်ဒေသတွင်းကလပ် ယာဂါဒန်မှာ ကစားနေသူပါ။

Photo Credit: Standard

ဘာ့ဂျ်ဗယ်လ်က ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး သူ့ရဲ့ တမူထူးခြားတဲ့ အရည်အသွေးနဲ့ အလားအလာတွေကြောင့် အနာဂတ်မှာ ဆွီဒင်အသင်းရဲ့ ကွင်းလယ်ကို ဦးဆောင်ကစားမယ့် ကစားသမား အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒါကြောင့်ပဲ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက ယခု ဆောင်းဈေးကွက် မပိတ်ခင်မှာ ဘာ့ဂျ်ဗယ်လ်ကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေတာ ဖြစ်ပြီး ဘာစီလိုနာက ဘာ့ဂျ်ဗယ်လ် အတွက် ယာဂါဒန်နဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်နေသလို ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာ ဒေကိုကလည်း ဘာ့ဂျ်ဗယ်လ်ရဲ့ မိသားစုနဲ့ တွေ့ဆုံကာ သူတို့အသင်းဆီ ပြောင်းလာဖို့ စည်းရုံးမှုတွေ လုပ်နေပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးကလည်း ဘာ့ဂျ်ဗယ်လ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စပါးရဲ့ တာဝန်ရှိသူတွေက ဘာ့ဂျ်ဗယ်လ်ကို ဘာစီလိုနာရဲ့ လက်ထဲကနေ ကြားဖြတ် ခေါ်ယူနိုင်ဖို့ အတွက် ဘာ့ဂျ်ဗယ်လ်ထံ အဆက်မပြတ် ဆက်သွယ်နေကြောင်း သိရပါတယ်။

ဒါပေမယ့် လက်ရှိမှာ ဘာစီလိုနာကသာ ဘာ့ဂျ်ဗယ်လ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေပြီး ဘာစီလိုနာက ယနေ့မှာပဲ ဘာ့ဂျ်ဗယ်လ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ဖို့ မျှော်လင့်နေကြောင်းလည်း ရိုမာနိုက ဆိုပါတယ်။