တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်ကမှ ဂျုဗင်တပ်စ်အသင်းကနေ (၁၈)လ အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ ဆွီဒင်တောင်ပံကစားသမား ဒီဂျန်ကူလူဆက်ဗ်စကီးကို အငှားသက်တမ်း ပြည့်သွားချိန်မှာ ပြောင်းရွှေ့ကြေး ယူရို(၃၅)သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်ခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုထားခဲ့သလို လက်ရှိ ကူလူဆက်ဗ်စကီးရဲ့ စွမ်းဆောင်ရည်တွေအရလည်း စပါးအသင်းက အပြီးသတ် ခေါ်ယူဖို့ သေချာသလောက်ကို ရှိနေပြီလို့ သိရှိရပါတယ်။

Kulusevski admits Conte played a key role in his move to Tottenham - Football Italia

Photo Credit : Football Italia

အသက်(၂၁)နှစ်အရွှယ် ဆွီဒင်လက်ရွေးစင် တောင်ပံကစားသမား ကူလူဆက်ဗ်စကီးဟာ ၂၀၁၈ခုနှစ်ကတည်းက အီတလီစီးရီးအေမှာ ကျင်လည်နေခဲ့သူဖြစ်ပြီး အရပ်အမောင်းကောင်းသလို ကွင်းလယ်တိုက်စစ်နေရာ box-to-box နေရာနဲ့ တောင်ပံ အစရှိတဲ့ နေရာအစုံမှာ စွယ်စုံရ ကစားတတ်သူလည်း ဖြစ်ပါတယ်။ ဂျုဗင်တပ်စ်အသင်းမှာ ပုံမှန်နေရာအတွက် မရေမရာ ဖြစ်လာခဲ့ရလို့ ဇန်နဝါရီစျေးကွက်မှာ စပါးအသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကူလူဆက်ဗ်စကီးဟာ ပရီးမီးယားလိဂ်ကို စတင်ခြေချခဲ့တဲ့ အချိန်မှာပဲ ဟာရီကိန်း ဆွန်ဟောင်မင်တို့နဲ့အတူ စပါးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ခြေစွမ်းကောင်းတွေ ပြသလာနိုင်ပါတယ်။

Photo Credit : Goal

စပါးအသင်းနည်းပြ အန်တိုနီယိုကွန်တီက ဆောင်းစျေးကွက်ထဲမှာ ဂျုဗင်တပ်စ်ကစားသမားတွေဖြစ်တဲ့ ကူလူဆက်ဗ်စကီးနဲ့ ဘန်တန်ကာတို့ကို ခေါ်ယူအားဖြည့်ခဲ့ပြီး ကစားသမားနှစ်ဦးလုံးက အသင်းမှာ အလျင်အမြန် အထိုင်ကျခဲ့တာကြောင့် အငှားနဲ့သာ ခေါ်ယူထားခဲ့ရတဲ့ ကူလူဆက်ဗ်စကီးကိုပါ အပြီးသတ် ခေါ်ယူဖို့ စီစဉ်လာခဲ့တာဖြစ်တယ်လို့ အီတလီအခြေစိုက် Calciomercato သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ ဆွီဒင်တောင်ပံကစားသမား ကူလူဆက်ဗ်စကီးဟာ စပါးအသင်းအတွက် ပရီးမီးယားလိဂ် (၁၁)ပွဲ အက်အေဖလား (၂)ပွဲ ပါဝင်ကစားထားခဲ့ပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး (၃)ဂိုးနဲ့ ဂိုးဖန်တီးမှု (၆)ကြိမ်ထိပါ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပါဝင်ကစားခဲ့တဲ့ (၁၁)ပွဲအတွင်းမှာ ဂိုးပါဝင်ပတ်သက်မှု (၉)ဂိုးအထိကို ရှိထားခဲ့ရတဲ့ ကူလူဆက်ဗ်စကီးရဲ့ ခြေစွမ်းပိုင်းက တကယ်ကို အထင်ကြီးစရာကောင်းနေပြီး အသင်းကိုလည်း အဆင့်(၄)အတွင်း ဝင်ရောက်နိုင်အောင် ကူညီပေးနေတာဖြစ်လို့ စပါးအသင်းသာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားမယ်ဆိုရင် ကူလူဆက်ဗ်စကီးကို ယူရို(၃၅)သန်းနဲ့ အပြီးသတ် ခေါ်ယူဖွယ် ရှိလာနိုင်ပါတယ်။