ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသင်းရဲ့ နည်းပြ မော်ရင်ဟိုကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ စပါးအသင်းကတော့ လက်ရှိမှာ သူတို့အသင်းကို ဦးဆောင်နိုင်မယ့် နည်းပြကောင်း တစ်ဦးကို ရှာဖွေနေပြီး လိုက်ပ်ဇက်အသင်းရဲ့ နည်းပြ နစ်ဂယ်စမန်းနဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဟောင်း ဆာရီတို့ဟာ သူတို့အသင်းရဲ့ ပစ်မှတ်တွေ ဖြစ်ကြောင်း သိရပါတယ်။ စပါးအသင်းဟာ ဘာ့ကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုကို ရုတ်တရတ် ထုတ်ပယ်ခဲ့ရလဲ ဆိုတဲ့ အချက်ကို လက်ရှိအချိန် အထိ သိရှိရခြင်း မရှိသေးပေမယ့် လန်ဒန်မြို့ အခြေစိုက် သတင်းဌာန တချို့ကတော့ မော်ရင်ဟိုဟာ စူပါလိဂ်ကိစ္စကို ကန့်ကွက်ခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ကြောင်း ဖော်ပြနေကြပါတယ်။

Photo Credit: Express

စပါးအသင်း အပါအဝင် ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်း ၆သင်းဟာ ကနဦးမှာ ဥရောပရဲ့ ထိပ်သီး အသင်းတွေ ပါဝင်တဲ့ စူပါလိဂ်ပြိုင်ပွဲကို ကျင်းပဖို့ ကြိုးစားခဲ့ပြီး လက်ရှိမှာတော့ အသင်းပရိသတ်တွေရဲ့ ဆန္ဒပြကန့်ကွက်မှုတွေ ၊ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေရဲ့ ဖိအားပေးမှုတွေကြောင့် စူပါလိဂ်ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ကြပါတယ်။ လတ်တလောမှာတော့ စပါးအသင်းဟာ အသင်းရဲ့ ငယ်မွေးခြံပေါက် လူငယ်နည်းပြ ဖြစ်တဲ့ ရိုင်ယန်မာဆန်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပေမယ့် အသင်းကို ကိုင်တွယ်နိုင်မယ့် ဝါရင့်နည်းပြ တစ်ဦးကို စတင် ရှာဖွေနေပြီး လိုက်ပ်ဇက်အသင်းနဲ့အတူ ရလဒ်ကောင်းတွေ ရရှိနေတဲ့ နစ်ဂယ်စမန်း ၊ ချယ်လ်ဆီးအသင်းနဲ့အတူ အက်ဖ်အေဖလား တစ်လုံး ရရှိခဲ့တဲ့ အီတလီလူမျိုးနည်းပြ ဆာရီတို့ကို ချိတ်ဆက်နေကြောင်း သိရပါတယ်။

Photo Credit: Express

စပါးအသင်းဟာ သူတို့အသင်းရဲ့ ဦးစားပေး ပစ်မှတ်အဖြစ် နစ်ဂယ်စမန်းကို သတ်မှတ်ထားပေမယ့် လိုက်ပ်ဇက်အသင်းနဲ့အတူ ထိုက်သင့်တဲ့ အောင်မြင်မှုတွေ ရရှိနေတဲ့ နစ်ဂယ်စမန်းကတော့ စပါးအသင်းကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားကြောင်း ဂျာမန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။ တစ်ဖက်မှာတော့ ဝါရင့် အီတလီလူမျိုး နည်းပြဖြစ်သူ ဆာရီဟာ ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိတဲ့ နည်းပြကောင်းတစ်ဦး ဖြစ်သလို ဂျူဗင်တပ်အသင်းကနေ ထွက်ခွာပြီးနောက်မှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြတစ်ဦး ဖြစ်တာကြောင့် စပါးအသင်းရဲ့ နည်းပြသစ်ဟာ ဆာရီ ဖြစ်နိုင်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ရေးသား ဖော်ပြနေကြပါတယ်။