ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ခံစစ်ကြောင်း အတွက် ဗဟိုခံစစ်မှူးသစ် တဦးကို ခေါ်ယူဖို့ စီစဉ်ထားရာ ဂျီနိုအာနဲ့အတူ တောက်ပနေတဲ့ ရိုမေးနီးယား လူငယ်ခံစစ်မှူး ဒရာဂူဆင်ကို ခေါ်ယူနိုင်ဖို့ ခပ်သွက်သွက် လှုပ်ရှားနေကြောင်း သိရပါတယ်။

စပါးက နည်းပြသစ် ပိုစတီဂိုဂလူရဲ့ လက်အောက်မှာ ကစားပုံရော ၊ ရလဒ်ပိုင်းပါ တိုးတက်လာခဲ့ပေမယ့် သူတို့အသင်းရဲ့ အားနည်းနေတဲ့ လူစာရင်းကြောင့် ပွဲကျပ်ကာလ အတွင်းမှာ ရလဒ်ဆိုး တချို့နဲ့ ကြုံတွေ့ခဲ့ရပြီး စပါးနည်းပြ ပိုစတီဂိုဂလူက လာမယ့် ဆောင်းဈေးကွက်မှာ အသင်းကို တတ်နိုင်သမျှ အင်အားဖြည့်တင်းချင်နေပါတယ်။

Photo Credit: The Sun

အထူးသဖြင့် ပိုစတီဂိုဂလူက ရိုမဲရိုး ၊ ဗန်ဒီဗန် ၊ အဲရစ် ဒိုင်ယာနဲ့ အက်ရှလေ ဖီးလစ်တို့ ၄ဦးထဲသာ ရှိနေတဲ့ ဗဟိုခံစစ်နေရာ အတွက် ဗဟိုခံစစ်မှူးသစ် တဦးကို ခေါ်ယူချင်နေပြီး စပါးရဲ့ တာဝန်ရှိသူတွေကလည်း ရိုမဲရိုးနဲ့ ဗန်ဒီဗန်တို့ နှစ်ဦးစလုံး ဒဏ်ရာရသွားပြီးနောက် ပိုစတီဂိုဂလူ အတွက် ဗဟိုခံစစ်မှူးသစ် တဦး ခေါ်ယူပေးဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးရဲ့ နံပါတ်တစ် ပစ်မှတ်က နိုက်စ်ခံစစ်မှူး တိုဒီဘို ဖြစ်ပေမယ့် တိုဒီဘိုကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ အများကြီး လုပ်ဖို့ လိုအပ်တာကြောင့် တိုဒီဘို အစား ခပ်မြန်မြန် ခေါ်လို့ရမယ့် ဂျီနိုအာ ခံစစ်မှူး ဒရာဂူဆင်ကို ခေါ်ယူဖို့ ပြောင်းလဲ ကြိုးစားနေပြီး စပါးဟာ ဒရာဂူဆင် အတွက် ဂျီနိုအာနဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

Photo Credit: Football 365

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ရိုမေးနီးယား လက်ရွေးစင် ဗဟိုခံစစ်မှူး ဒရာဂူဆင်က အရပ်အမောင်း မြင့်မားသလို လျင်မြန်တဲ့ ဗဟိုခံစစ်မှူး ဖြစ်ပြီး သူက ဗဟိုခံစစ် အပြင် လိုအပ်ရင် ဘယ်နောက်ခံနဲ့ ညာနောက်ခံ နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် လူငယ်ခံစစ်မှူး တဦးပါ။

ဒရာဂူဆင်က ဒီရာသီမှာ ဂျီနိုအာ အတွက် ပြိုင်ပွဲစုံမှာ ၂၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ်ပါ ရရှိထားပြီး ဂျီနိုအာကတော့ ဒရာဂူဆင် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်း ဝန်းကျင် လိုချင်နေပါတယ်။