ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးက အီတလီ စီးရီးအေရဲ့ သက်တော်ရှည်ကလပ် ရိုးမားရဲ့ အဓိက ကွင်းလယ်လူ ဇာနီရိုလိုကို ခေါ်ယူဖို့ ရိုးမားနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ် အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဇာနီရိုလိုက ကွင်းလယ်တိုက်စစ် ၊ ဗဟိုကွင်းလယ်နဲ့ ညာတောင်ပံ နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူ့ရဲ့ တွန်းတွန်းတိုက်တိုက် ကစားမှုကြောင့် ရိုးမားပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦးလည်း ဖြစ်ပါတယ်။

Photo Credit: The Sun

ဇာနီရိုလိုက အရည်အသွေးမြင့် ကွင်းလယ်လူ တဦး ဖြစ်ပြီး သွင်းဂိုးတွေ သွင်းယူနိုင်စွမ်း ရှိသလို ဂိုးဖန်တီးမှုတွေပါ ပြုလုပ်နိုင်စွမ်း ရှိကာ သူ့ရဲ့ အရည်အသွေးတွေကြောင့်ပဲ အီတလီဈေးကွက်ကို ကျွမ်းကျင်တဲ့ စပါးနည်းပြကွန်တီနဲ့ အားကစားဒါရိုက်တာ ပါရာတစ်စီတို့က ဇာနီရိုလိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

လက်ရှိမှာတော့ စပါးက ဇာနီရိုလိုအတွက် ရိုးမားထံ ချိတ်ဆက်မှု တချို့ ပြုလုပ်ထားသလို အသင်းရဲ့ ကစားသမား တချို့ကို အလိုက်ပေးပြီး ဇာနီရိုလိုကို ခေါ်ယူဖို့ ကြိုးပမ်းနေကာ ရိုးမားကတော့ စပါးရဲ့ ကမ်းလှမ်းမှုတွေကို လက်မခံသေးပဲ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: The Sun

နာမည်ကြီး အီတလီ သတင်းထောက် တဦး ဖြစ်သူ ပက်ဒူလာရဲ့ ဖော်ပြချက်အရ ရိုးမားရဲ့ အားကစားဒါရိုက်တာ ပင်တိုက ယနေ့မှာပဲ လန်ဒန်မြို့ဆီ လာရောက်ကာ ဇာနီရိုလိုရဲ့ အပြောင်းအရွှေ့ အတွက် စပါးရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး စပါးနဲ့ ရိုးမားကြားမှာ ကစားသမား အလဲအထပ်တွေ အများကြီး ဖြစ်ပေါ်လာဖွယ် ရှိကြောင်း သိရပါတယ်။

စပါးကတော့ ဇာနီရိုလိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း + ကစားသမား ၂ဦး အလိုက်ပေးဖို့ စီစဉ်ထားပြီး ရိုးမားဘက်က စပါးရဲ့ ဘယ်နောက်ခံလူ ရယ်ဂီလွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဇာနီရိုလို တယောက် စပါးဆီ ရောက်ရှိဖို့ ရာခိုင်နှုန်း များပြားနေကြောင်း နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ ဂေဇက်တာ သတင်းဌာနက ဖော်ပြထားပါသေးတယ်။