MySport Myanmar

အာဆင်နယ် တိုက်စစ်မှုး ဘာလိုဂန်ကို အံအားသင့်စဖွယ် စိတ်ဝင်စားနေတဲ့ စပါး

တိုက်စစ်ပိုင်းအတွက် ကစားသမား ခေါ်ယူ ဖြည့်တင်းမှု လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ တော့တင်ဟမ် ဟော့စပါးအသင်းက လက်ရှိမှာ ခါးသီး မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းရဲ့တိုက်စစ်မှူး ဖလော်ရန့် ဘာလိုဂန်ကိုပါ အံအားသင့်စဖွယ် စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဟယ်ရီကိန်းကို ဘိုင်ယန်မြူးနစ်အသင်းဆီ ရောင်းထုတ်ပြီးနောက်ပိုင်း အ​ထောင်တိုက်စစ် နေရာအတွက် ကစားသမား ပြန်လည် ဖြည့်တင်းဖို့ မဖြစ်မနေ လိုအပ်လာခဲ့တဲ့ စပါးအသင်းဟာ လူကာကူ တာရေမီတို့လို တိုက်စစ်မှူးတွေအပြင် အရောင်းစာရင်း အတင်ခံထားရတဲ့ ဘာလိုဂန်ကိုပါ ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Football London

အမေရိကန် လက်ရွေးစင် တိုက်စစ် ကစားသမား ဘာလိုဂန်က ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း လီဂူးကလပ် Reims အသင်းအတွက် အငှား သွားရောက် ကစားပေးရင်း လီဂူး (၃၇)ပွဲ ကစား (၂၁)ဂိုး သွင်းယူပြီး (၃)ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ကာ ခြေစွမ်းတွေ ပြသနိုင်ခဲ့ပါတယ်။

ဒါကြောင့် ဘာလိုဂန်က အာဆင်နယ်မှာ နေရာတစ်နေရာလောက် ရရှိနိုင်တော့မယ်လို့ ထင်ရပေမယ့်လည်း အာဆင်နယ်ဘက်က ဘာလိုဂန်အတွက် ပုံမှန်နေရာပေးဖို့ အာမ မခံနိုင်တာကြောင့် ဘာလိုဂန်အနေနဲ့ အသင်းက ထွက်ခွာဖို့ကိုသာ ရွေးချယ်လိုက်သလို အာဆင်နယ်ကလည်း ဘာလိုဂန်အတွက် ပေါင် သန်း(၅၀)နဲ့ ရောင်းချမယ်လို့ သတ်မှတ်လိုက်ပါတယ်။

Photo Credit : Football Talk

ဒီလို အရောင်းစာရင်း အတင်ခံထားရတဲ့ ဘာလိုဂန်ကို အင်တာမီလန် နဲ့ မိုနာကိုအသင်းတို့က ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဘာလိုဂန်အတွက် အာဆင်နယ် သတ်မှတ်ထားတဲ့ asking price က မြင့်မားလွန်းနေတာကြောင့် ခေါ်ယူနိုင်ဖို့ အခက်အခဲ ဖြစ်နေရပါတယ်။

ဒီအချိန်မှာ အာဆင်နယ်ရဲ့ အခါးသီးဆုံး လန်ဒန်မြို့ခံ ကလပ် စပါးအသင်းကပါ ဘာလိုဂန်ကို ခေါ်ယူ​ချင်နေတဲ့ အသင်းတွေထဲမှာ ပါဝင်လာခဲ့ပြီး ချယ်လ်ဆီး တိုက်စစ်မှူး လူကာကူ ပေါ်တိုရဲ့ အီရန် တိုက်စစ်မှူး တာရေမီတို့နဲ့အတူ ဘာလိုဂန်ကိုလည်း ဟယ်ရီကိန်း နေရာမှာ အစားထိုးဖို့အတွက် စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ La Gazette dello Sports ကနေ ဖော်ပြထားပါတယ်။

Exit mobile version