ပီအက်စ်ဂျီအသင်းရဲ့ ဝါရင့်နောက်ခံကကစားသမားကြီး သီယာဂိုဆေးဗားကတော့ အခုဇွန်လကုန်တာနဲ့ သူနဲ့ပီအက်စ်ဂျီအသင်းတို့ကြား ချုပ်ဆိုထားခဲ့တဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်သလို ပီအက်စ်ဂျီဘက်ကနေလည်း သူတို့ရဲ့ကစားသမားကို စာချုပ်သစ်ကမ်းလှမ်းတော့မှာ မဟုတ်တဲ့အတွက် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရတော့မှာဖြစ်သလို သူ့ကို အဲဗာတန် အေစီမီလန် အာဆင်နယ်အသင်းတွေအပြင် အခုအခါ စပါးအသင်းကပါ စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Lance

စပါးအသင်းက လာမယ့်စျေးကွက်အတွင်းမှာ အသင်းရဲ့ဘယ်ဂျီယံနောက်ခံကစားသမား အယ်ဒါဝီရယ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရတော့မှာဖြစ်တာကြောင့် သူရဲ့နေရာအတွက် ဝါရင့်ဘရာဇီးနောက်ခံလူ သီယာဂိုဆေးဗားကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ အသက်(၃၅)နှစ်အရွှယ်ရှိ ဗဟိုခံစစ်ကစားသမားကြီး ဆေးဗားကတော့ ပီအက်စ်ဂျီရဲ့အသင်းခေါင်းဆောင်ဖြစ်တဲ့အပြင် အသင်းနဲ့လည်း ကာလရှည်ကြာ ပါဝင်ကစားခဲ့သူဖြစ်ပြီး အသင်းမှာပဲ ဆက်လက်ရှိနေချင်ပေမယ့် သူရဲ့အသက်အရွှယ်ကြောင့် ပီအက်စ်ဂျီဘက်ကနေ သက်တမ်းမတိုးလိုတော့တာဖြစ်ပါတယ်။

Photo Credit : News.am.sports

အတွေ့အကြုံများစွာကို ပိုင်ဆိုင်ထားခဲ့ပြီး ခံစစ်မှူးတွေအားလုံးထဲမှာလည်း အရည်အသွေးမြင့်မားလှသူအဖြစ် သတ်မှတ်ခံထားရတဲ့ သီယာဂိုဆေးဗားကို အဲဗာတန်အသင်းကနေ စတင်ချိတ်ဆက်ခဲ့တာဖြစ်ပြီး ဆေးဗားရဲ့ဆရာသမားဟောင်းဖြစ်ခဲ့ဖူးတဲ့ နည်းပြကားလို့စ်အန်စလော့တီက သူလက်ရှိကိုင်တွယ်နေတဲ့ အဲဗာတန်အသင်းဆီ ခေါ်ဆောင်ချင်နေတာဖြစ်ပါတယ်။ ဆေးဗားကို သူရဲ့မွေးရပ်မြေ ဘရာဇီးက ကလပ်အသင်းတွေများစွာနဲ့ သူငယ်စဉ်တုန်းက ကစားခဲ့ဖူးတဲ့ ဘရာဇီးကလပ် မလူမင်နီစ်အသင်းတို့ကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့်လည်း ဆေးဗားက အခုအချိန်ဟာ ဥရောပမှာပဲ ဆက်ရှိနေသင့်သေးပြီး ဘရာဇီးကိုပြန်ဖို့ အချိန်မတန်သေးဘူးလို့ ပြောဆိုထားခဲ့တာကြောင့် အခု သူ့ကိုပစ်မှတ်ထားနေတဲ့ ဥရောပ ကလပ်အသင်းတွေထဲကမှ တစ်သင်းသင်းကိုပဲ ရွေးချယ်ဖွယ်ရှိပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲကို ကွာတားဖိုင်နယ်ကနေ ဆက်လက်ကစားရဦးမှာဖြစ်လို့ သြဂုတ်လလောက်ထိ ဆက်လက်ကစားပေးရဖွယ်တော့ ရှိနေပါတယ်။