ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်း ကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ယူရိုပါ ကွန်းဖရန့်လိဂ် အုပ်စု ဒုတိယပွဲစဉ်မှာ မူရာအသင်းကို ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ရလဒ်ကောင်းတွေ ရရှိဖို့ စည်းလုံး ညီညွတ်စွာ ကြိုးစားဖို့ အချိန်တန်ပြီလို့ အသင်းဖော်တွေကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။

စပါးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ပွဲဆက်တိုက် အရေးနိမ့်ခဲ့ကာ အဆိုပါ ၃ပွဲမှာ သွင်းဂိုး ၁ဂိုးသာ ရှိခဲ့ပြီး ပေးဂိုး ၉ဂိုး အထိ ရှိနေတာကြောင့် စပါးအသင်းနည်းပြ နူနိုဆန်းတို့စ်ရဲ့ အနာဂတ်ဟာ အနည်းငယ် လှုပ်ခတ်လာခဲ့ပါတယ်။

Photo Credit: BBC

ဒါ့အပြင် စပါးအသင်းဟာ ယူရိုပါ ကွန်းဖရန့်လိဂ်ရဲ့ အုပ်စုအဖွင့်ပွဲမှာလည်း ရန်းနက်စ်အသင်းနဲ့ တဖက် ၂ဂိုးစီ သရေကျထားတာကြောင့် မူရာအသင်းကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်ခဲ့ပြီး နူနို ဆန်းတို့စ်ကလည်း အဓိက ကစားသမား အစုံအလင် အသုံးပြုကာ မူရာအသင်းကို ရင်ဆိုင် ကစားခဲ့ပါတယ်။

စပါးအသင်းက မူရာအသင်းကို ၅-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ ပွဲစဉ်မှာ အဓိကကျခဲ့တဲ့ ကစားသမား ကတော့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း ဖြစ်ပြီး ဟယ်ရီကိန်း အဆိုပါပွဲစဉ်မှာ ဟက်ထရစ် သွင်းယူကာ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကို သက်သေပြခဲ့ပါတယ်။

Photo Credit: BBC

ပွဲအပြီးမှာတော့ ဟယ်ရီကိန်းက ရလဒ်ဆိုးတွေ ကနေ ရုန်းထွက်နိုင်ဖို့ အသင်းသားတွေ စည်းလုံးညီညွတ်မှု ရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဟယ်ရီကိန်းက – “ကျွန်တော်တို့ ကစားသမားတွေနဲ့ နည်းပြတွေ အားလုံးဟာ အတူတူ အလုပ်ကြိုးစားဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့ရဲ့ လက်ရှိ ရလဒ်ပိုင်းက မကောင်းပါဘူး။ ဒါပေမယ့် လာမယ့်ပွဲစဉ်မှာတော့ ရလဒ်ဆိုးတွေကို ပြောင်းပြန် လှန်ပစ်ဖို့ ကြိုးစားသွားမှာပါ။ တိုက်စစ်မှူးတိုင်းက ဂိုးသွင်းချင်ကြပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော် ပါဝင် ကစားခွင့် ရမယ်လို့ မမျှော်လင့်ထားပေမယ့် ကစားခွင့်ရပြီး သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်” ဆိုပြီး ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။