ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းဟာ အီတလီ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းနဲ့ အတူ ဂိုးသွင်းခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်တဲ့ ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

စပါးအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ဆုံးရှုံးရမယ့် အနေအထားတွေ ရှိတာကြောင့် စီးရီးအေမှာ ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူထားနိုင်တဲ့ ဗလာဟိုဗစ်ကို ခေါ်ယူဖို့ မျက်စိကျနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

အသက် ၂၁နှစ် အရွယ် ဆားဘီးယား တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ဖီအိုရင်တီးနားအသင်းနဲ့ ၂၀၂၃ ခုနှစ် အထိ စာချုပ်သက်တမ်း ရှိတဲ့ ကစားသမား တဦး ဖြစ်ပြီး ဖီအိုရင်တီးနားအသင်း ကတော့ သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ပေးချေရမယ်လို့ ဈေးနှုန်း သတ်မှတ်ထားပါတယ်။

ဗလာဟိုဗစ်ဟာ ပြီးခဲ့တဲ့ စီးရီးအေ ဘောလုံးရာသီမှာ ဖီအိုရင်တီးနားအသင်း အတွက် ၃၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၁ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ ဟယ်ရီကိန်းကို လက်လွှတ်ရမယ့်အရေးနဲ့ ရင်ဆိုင်နေရတဲ့ စပါးအသင်းဟာ ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ကြိုးစားလာတာ ဖြစ်ပြီး နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ စပါးအသင်းဟာ ဗလာဟိုဗစ်အတွက် ဖီအိုရင်တီးနားအသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းကို ပေးချေဖို့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိပြီးတဲ့နောက် ဖီအိုရင်တီးနားအသင်းဟာ အပြောင်းအရွှေ့ အတွက် ဗလာဟိုဗစ်ရဲ့ အေးဂျင့်နဲ့ ဆွေးနွေးဖို့ စီစဉ်ထားကာ စပါးအသင်းထံ ပြောင်းရွှေ့မလား ၊ ဒါမှမဟုတ် အသင်းနဲ့ စာချုပ်သစ် ချုပ်မလား ဆိုပြီး မေးမြန်းဖို့ ရှိနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြထားကြပါတယ်။ ဒါကြောင့် ဗလာဟိုဗစ်ကသာ သဘောတူခဲ့ပါက စပါးအသင်းဟာ ဗလာဟိုဗစ်ကို ရက်ပိုင်းအတွင်း ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။