ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းဟာ သူတို့အသင်းရဲ့ ရှိရင်းစွဲ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဘာ့ချ်ဝင့်ကို ထုတ်ရောင်းပြီး ပြိုင်ဘက်အသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ တောင်ပံတိုက်စစ် ကစားသမား ဂျက်ဆီ လင်ဂတ်ကို ခေါ်ယူဖို့ စီစဉ်နေကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။
စပါးအသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဆုဖလား ရယူနိုင်ခဲ့ဖူးတဲ့ နာမည်ကြီး အီတလီ နည်းပြ ကွန်တီကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပြီးနောက် အသင်းရဲ့ ကစားသမား ရောင်းချမှု ၊ ဝယ်ယူမှု စတဲ့ အရာတွေ အားလုံးကို ကွန်တီရဲ့ စိတ်ကြိုက် လုပ်ဆောင်ခိုင်းထားပြီး ကွန်တီကတော့ အသင်းမှာ အသုံးမဝင်တဲ့ ကစားသမား အများအပြားကို ယခု ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။
Photo Credit: Football London
ကွန်တီ ရောင်းချဖို့ ဆုံးဖြတ်ထားတဲ့ ကစားသမားတွေထဲမှာ ဘာ့ချ်ဝင့် ၊ အလီ ၊ အန်ဒွန်ဘီလီ စတဲ့ ကစားသမားတွေ ပါဝင်နေပြီး နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဘာ့ချ်ဝင့်ကလည်း အသင်းပြောင်းဖို့ စတင် လုပ်ဆောင်နေပါတယ်။
အသက် ၂၄နှစ် အရွယ် ဘာ့ချ်ဝင့်ကို ခေါ်ယူဖို့ အတွက် လက်ရှိအချိန်မှာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်အသင်းက ကြိုးစားနေပြီး အေဂျက်အသင်းက ဘာ့ချ်ဝင့်ကို ပြောင်းရွှေ့ကြေး ယူရို ၁၅သန်းနဲ့ ကမ်းလှမ်းထားပေမယ့် စပါးအသင်းဘက်က အဆိုပါ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြောင်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။
Photo Credit: Football London
တဖက်မှာတော့ စပါးအသင်းဟာ ဘာ့ချ်ဝင့်ကို ရောင်းချပြီးပါက မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား လင်ဂတ်ကို ခေါ်ယူဖို့ မျက်စိကျနေပြီး လင်ဂတ်ရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football London သတင်းဌာနက ဖော်ပြထားပါတယ်။
ထွက်ပေါ်လာတဲ့ သတင်းတွေအရ လင်ဂတ်ကလည်း စပါးအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး စပါးအသင်းအနေနဲ့ လင်ဂတ်ကို ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ပေမယ့် ယခု ဇန်နဝါရီလ အပြောင်းအရွှေ့မှာတင် အပြီးသတ် ခေါ်ယူချင်နေပြီး လင်ဂတ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃သန်း ဝန်းကျင် ပေးချေချင်နေကြောင်း သိရပါတယ်။