MySport Myanmar

ကာရက်စ်ကိုနဲ့ မက်ဆီမန်တို့ကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတဲ့ တော့တင်ဟမ်

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ခရိုအေးရှား တောင်ပံကစားသမားကြီး အိုင်ဗန်ပါရီဆစ်ကို ခေါ်ယူအားဖြည့်ထားနိုင်ခဲ့ပေမယ့် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ကစားသမားအင်အား တောင့်တင်းနေစေဖို့အတွက် အသက်လက်တီကို ကစားသမား ယန်းနစ်ကာရက်စ်ကိုနဲ့ နယူးကာဆယ် ကြယ်ပွင့်ကစားသမား အယ်လန်စိန့်မက်ဆီမန်တို့ကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

စပါးအသင်းဟာ လာမယ့်ဘောလုံးရာသီအတွက် ကစားသမားဖြည့်တင်းမှုအဖြစ် ဝါရင့်ကစားသမား ပါရီဆစ်ကို ခေါ်ယူထားခဲ့ပေမယ့် နောက်ထပ် ကစားသမားသစ် ခေါ်ယူမှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိနေပြီး ခံစစ်ပိုင်းအတွက် ဘာစီလိုနာခံစစ်မှူး လွန်းဂလတ်နဲ့ အင်တာနောက်ခံလူ ဘက်စတိုနီတို့ကို ပစ်မှတ်ထားနေတဲ့အပြင် တောင်ပံပိုင်းအတွက်ကိုလည်း ကာရက်စ်ကိုနဲ့ မက်ဆီမန်တို့ကို စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။ ကာရက်စ်ကို ကိုတော့ စပါးအပါအဝင် နောက်ထပ် ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ နယူးကာဆယ်တို့ကပါ အပြိုင်စိတ်ဝင်စားနေတယ်လို့ Fichajes ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

ဘယ်လ်ဂျီယံလက်ရွေးစင် တောင်ပံကစားသမား ကာရက်စ်ကိုဟာ wing-back အဖြစ်နဲ့ပါ ကစားတတ်သူဖြစ်လို့ စပါးအသင်းက သူ့ကို ခေါ်ယူနိုင်မယ်ဆိုရင် စပါးနည်းပြကွန်တီရဲ့ 3-5-2 ကစားကွက်မှာ အကောင်းဆုံး အံ့ဝင်နိုင်ဖွယ် ရှိနေပါတယ်။ ဒါပေမယ့်လည်း ကာရက်စ်ကိုဟာ အသက်လက်တီကိုအသင်းရဲ့ အမာခံ ကစားသမားတစ်ဦး ဖြစ်နေသလို မနှစ်က ဘောလုံးရာသီမှာလည်း အသင်းအတွက် (၄၄)ပွဲအထိ ပါဝင်ထားနိုင်ခဲ့တဲ့အပြင် အသင်းနဲ့ကလည်း ၂၀၂၄ခုနှစ်အထိ စာချုပ်ကျန်ရှိနေသေးလို့ ခေါ်ယူနိုင်ဖို့က ခက်ခဲနိုင်ပါတယ်။ ဒါ့အပြင် နယူးကာဆယ်အသင်းရဲ့ အဓိက ကစားသမား မက်ဆီမန်ဟာလည်း ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်အတွက် ပရီးမီးယားလိဂ်မှာ (၃)ပွဲလေးသာ မပါဝင်ခဲ့ရပဲ ပွဲတိုင်းလိုလို အသင်းအတွက် ကစားပေးခဲ့ရသလို အသင်းက big name players တွေ ခေါ်ယူမယ်ဆိုရင်တောင် မက်ဆီမန်ကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် စပါးရဲ့ အားကစားဒါရိုက်တာ ဖာဘီယိုပါရာတီချီက မက်ဆီမန်ရဲ့ ခြေစွမ်းပိုင်းတွေကို အလွန်နှစ်သက်တာကြောင့် မက်ဆီမင်ကို အရခေါ်ယူဖို့ တိုက်တွန်းဖွယ် ရှိနေပါတယ်။

Exit mobile version