ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက စပိန်ကလပ် ဘီလ်ဘာအိုရဲ့ လူငယ်ကြယ်ပွင့် နီကို ဝီလီယံကို စာချုပ်ဖျက်သိမ်းကြေး ပေးပြီး ခေါ်ယူဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraphက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ နည်းပြသစ် ပိုစတီဂိုဂလူရဲ့ ဦးဆောင်မှုတွေနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ နီးစပ်နေတဲ့ စပါးက လာမယ့် နွေဈေးကွက်မှာ ခေါ်ယူမယ့် ပစ်မှတ် ကစားသမားတွေကို လိုက်လံ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်နေပြီး စပါးရဲ့ ပစ်မှတ်စာရင်းထဲမှာ နီကို ဝီလီယံလည်း ပါဝင်နေပါတယ်။

Photo Credit: Team Talk

အသက် ၂၁နှစ် အရွယ် စပိန်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား နီကို ဝီလီယံက ဘီလ်ဘာအိုရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပြီး သူက သူ့အစ်ကို အီနာကီ ဝီလီယံနဲ့ တွဲဖက်ကာ ဘီလ်ဘာအိုရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်နေရပါတယ်။

နီကို ဝီလီယံရဲ့ ဘီလ်ဘာအိုက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ကိုပါဒယ်ရေး ချန်ပီယံ အဖြစ် အောင်ပွဲခံထားနိုင်သလို နီကို ဝီလီယံက ယခုနှစ် ဘောလုံးရာသီမှာ ဘီလ်ဘာအို အတွက် ပြိုင်ပွဲစုံမှာ ၃၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၄ကြိမ် ရရှိထားပါတယ်။

Photo Credit: Football 365

နီကို ဝီလီယံရဲ့ စွမ်းဆောင်ရည်က အထင်ကြီးစရာ ကောင်းနေတာကြောင့် စပါးအပြင် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် တချို့နဲ့ ဥရောပ ထိပ်သီးအသင်း တချို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး နီကို ဝီလီယံရဲ့ စာချုပ်ဖျက်သိမ်းကြေးကလည်း ပေါင် ၄၂.၈သန်းသာ ရှိပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraphရဲ့ ဖော်ပြချက်အရ စပါးက နီကို ဝီလီယံကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို နီကို ဝီလီယံရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး စပါးဟာ နီကို ဝီလီယံကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၂.၈သန်း ပေးကာ ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရှိရပါတယ်။