MySport Myanmar

ဘရန့်ဖို့ဒ်ကြယ်ပွင့် တိုနေးကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ ပါဝင်လာတဲ့ စပါး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက လာမယ့် ဆောင်းဈေးကွက်မှာ ဘရန့်ဖို့ဒ်ကနေ ထွက်ခွာဖို့ သတင်းကြီးနေတဲ့ အင်္ဂလန် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ ပါဝင်လာကြောင်း အင်္ဂလန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၇နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး အိုင်ဗန် တိုနေးက လက်ရှိမှာ ပွဲပယ်ပြစ်ဒဏ် ကျခံနေရသူ ဖြစ်ပေမယ့် သူက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲမှာ ပါဝင်နေတာကြောင့် အင်္ဂလန်ရဲ့ အင်အားကြီးကလပ်တွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Goal

အိုင်ဗန် တိုနေးက ပရီးမီးယားလိဂ်ရဲ့ အလယ်အလတ်အသင်း ဖြစ်တဲ့ ဘရန့်ဖို့ဒ်မှာ ကစားနေရပေမယ့် သူက ဘရန့်ဖို့ဒ်နဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၆၆ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၃၂ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၉ကြိမ် ရရှိထားပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းနဲ့ ဦးဆောင်နိုင်စွမ်းကြောင့်ပဲ လန်ဒန်မြို့ အခြေစိုက် ကလပ်တွေ ဖြစ်ကြတဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့က အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို နှစ်သင်းစလုံးက တိုနေးကို ခေါ်ယူဖို့ အတွက် စုံစမ်းမှုတွေလည်း လုပ်ထားကြပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Guardianရဲ့ ဖော်ပြချက်အရ စပါးက အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ ပါဝင်လာပြီး စပါးဟာ တိုနေးအတွက် စုံစမ်းမှု တချို့ လုပ်ထားကြောင်း သိရှိရပါတယ်။

စပါးက တိုက်စစ်ပိုင်းမှာ ဆွန်ဟောင်မင်နဲ့ ရစ်ချာလီဆန်တို့လို အရည်အသွေးမြင့် တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် နှစ်ဦးစလုံးက တိုက်စစ်မှူးစစ်စစ်တွေ မဟုတ်တာကြောင့် တိုနေးလို နံပါတ်၉ တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး တိုနေးကတော့ အာဆင်နယ်ဆီ ပြောင်းဖို့ စိတ်အားထက်သန်နေပါတယ်။

Exit mobile version