ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးက သူတို့အသင်းရဲ့ ကွင်းလယ်အတွက် အားဖြည့်မှု တရပ်အနေနဲ့ လီဗာပူးရဲ့ ကွင်းလယ်လူ နာဘီကီတာကို ရာသီကုန်ချိန်မှာ အလွတ်နဲ့ ခေါ်ယူဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် ဆီနီဂေါ လက်ရွေးစင် ကွင်းလယ်လူ နာဘီကီတာက ၂၀၁၈ခုနှစ်မှာ လိုက်ပ်ဇစ် ကနေ လီဗာပူးထံ အသင်းရဲ့ ကွင်းလယ်လူ တဦး အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၆၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက လီဗာပူးနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Goal

နာဘီကီတာက လီဗာပူးဆီ ရောက်ရှိကာစမှာ အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းခဲ့ရပြီး စုစုပေါင်း ၁၈ကြိမ် အထိ ဒဏ်ရာရခဲ့သလို စုစုပေါင်း ၈၈ပွဲ အထိ လွဲချော်ခဲ့ပါတယ်။

နာဘီကီတာက ယခုနှစ် ဘောလုံးရာသီမှာလည်း တံကောက်ကြောဒဏ်ရာနဲ့ ကြွက်သားဒဏ်ရာကြောင့် ၂၃ပွဲ အထိ လွဲချော်ခဲံပြီး သူ့ရဲ့ ဒဏ်ရာမှတ်တမ်းကြောင့်ပဲ လီဗာပူးရဲ့ တာဝန်ရှိသူတွေက နာဘီကီတာကို စာချုပ်သစ် မချုပ်တော့ပဲ ရာသီကုန်မှာ အလွတ်နဲ့ ပြောင်းရွှေ့ခိုင်းဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးက လီဗာပူးနဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် နာဘီကီတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စပါးရဲ့ တာဝန်ရှိသူတွေက နာဘီကီတာ တယောက် အခုလိုမျိုး ဒဏ်ရာ ရနေတာဟာ လီဗာပူးဆေးအဖွဲ့ရဲ့ လိုအပ်ချက်ကြောင့် ဖြစ်ကြောင်း ယူဆနေကြတာကြောင့် နာဘီကီတာကို ကာလတို စာချုပ်တရပ်နဲ့ ခေါ်ယူချင်နေကြောင်း သိရပါတယ်။

လက်ရှိမှာ ရိုးမား ၊ အေစီမီလန် အပါအဝင် စီးရီးအေ ကလပ်တချို့ကလည်း နာဘီကီတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် စပါးက နာဘီကီတာကို ခေါ်ယူချင်ရင် ခပ်သွက်သွက် လှုပ်ရှားနိုင်ဖို့ လိုပါတယ်။