ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက ယခုနှစ် ဘောလုံးရာသီမှာ ဘွန်ဒက်လီဂါကလပ် ဖရန့်ဖတ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဂျပန်ကြယ်ပွင့် ကာမာဒါကို ခေါ်ယူဖို့ လိဒ်ယူနိုက်တက်နဲ့အပြိုင် စိတ်ဝင်စားနေကြောင်း နာမည်ကြီး ဂျာမန်သတင်းဌာန တခု ဖြစ်တဲ့ Kicker သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် ဂျပန် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ကာမာဒါဟာ ၂၀၁၇ခုနှစ်ထဲက ဂျပန်ကလပ် ဆာဂန် တိုစု ကနေ ဖရန့်ဖတ်ထံ ပြောင်းရွှေ့ကြေး ယူရို ၁.၆သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ တဦး ဖြစ်ပြီး သူဟာ ၂၀၂၀ခုနှစ်မှ စတင်ကာ ဖရန့်ဖတ်ရဲ့ အဓိက ကစားသမား တဦး အဖြစ် ပွဲထွက် ကစားခွင့် ရရှိနေသူပါ။

Photo Credit: Team Talk

ယခုနှစ် ဘောလုံးရာသီမှာတော့ ကာမာဒါက သူ့ဘဝရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားပြီး ဖရန့်ဖတ် အတွက် ပြိုင်ပွဲစုံမှာ ၁၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ်ကလပ် လိဒ်ယူနိုက်တက်နဲ့ စပါးတို့က သူ့ကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ အသီးသီး စေလွှတ်ထားကြပါတယ်။

နာမည်ကြီး ဂျာမနီအခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Kicker သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးဟာ ကာမာဒါကို ခေါ်ယူဖို့ လိဒ်ယူနိုက်တက်နဲ့အပြိုင် စိတ်ဝင်စားနေပြီး စပါးရဲ့ ကစားသမားသစ် စုဆောင်းရေးဌာနက ကာမာဒါရဲ့ အသင်းဖော်တွေ အတွက် နေရာလွတ် ရှာဖွေပေးနိုင်မှုနဲ့ လုပ်အားနှုန်း ကောင်းမွန်မှုတို့ကို အထူး သဘောကျနေကြောင်း သိရပါတယ်။

Photo Credit: Team Talk

စပါးနဲ့ လိဒ်ယူနိုက်တက်တို့က ကာမာဒါကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် ကာမာဒါကတော့ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှသာ ဖရန့်ဖတ်ကို စွန့်ခွာဖို့ စဉ်းစားထားပြီး ဖရန့်ဖတ်ကတော့ ကာမာဒါအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းနဲ့ ယူရို ၂၅သန်းကြား ပမာဏ တရပ် တောင်းဆိုဖွယ် ရှိပါတယ်။