လက်ရှိ နွေဈေးကွက် အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေကို ခပ်သွက်သွက် လုပ်ဆောင်နေတဲ့ စပါးက သူတို့အသင်းရဲ့ စတုတ္ထမြောက် ကစားသမား ခေါ်ယူမှု အဖြစ် အဲဗာတန် တောင်ပံတိုက်စစ် ကစားသမား ရစ်ချာလီဆန်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ဗီလာရီးရဲလ် ဘယ်နောက်ခံလူ အူစတူပီနန်ကို ထပ်မံ ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

စပါးက ယခု နွေဈေးကွက် အတွင်းမှာ ကစားသမားသစ် ၆ဦးခန့် ခေါ်ယူဖို့ စီစဉ်ထားပြီး လက်ရှိမှာတော့ သူတို့က ဝါရင့် တောင်ပံကစားသမား ပါရီဆစ် ၊ ဝါရင့် ဂိုးသမား ဖော်စတာ ၊ ဗဟိုကွင်းလယ်လူ ဘစ်ဆူးမားနဲ့ တောင်ပံတိုက်စစ် ကစားသမား ရစ်ချာလီဆန်တို့ကို ခေါ်ယူထားနိုင်ပြီး ဘယ်နောက်ခံနဲ့ ညာနောက်ခံ နေရာတွေကို ထပ်မံ အားဖြည့်နိုင်ဖို့ ဆက်လက် ကြိုးပမ်းနေပါတယ်။

Photo Credit: Marca

စပါးက ညာနောက်ခံလူ နေရာအတွက် မစ်ဒယ်ဘရော့ရဲ့ လူငယ်ကြယ်ပွင့် ဒီဂျက် စပန့်စ်ကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေသလို တဖက်မှာလည်း စပါးရဲ့ တာဝန်ရှိသူတွေက ဗီလာရီးရဲလ်နဲ့အတူ တောက်ပနေတဲ့ ဘယ်နောက်ခံလူ အူစတူပီနန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနက ဆိုပါတယ်။

Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးရဲ့ တာဝန်ရှိသူတွေက သူတို့ရဲ့ ဘယ်နောက်ခံလူ ရီဂူလင်ရဲ့ အနာဂတ် မရေရာမှုကြောင့် ဗီလာရီးရဲလ်ရဲ့ ဘယ်နောက်ခံလူ အူစတူပီနန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စပါးရဲ့ ကင်းထောက်တချို့က အူစတူပီနန်ရဲ့ ခြေစွမ်းကို စတင် အကဲဖြတ်နေကြကာ ဗီလာရီးရဲလ်ကတော့ အူစတူပီနန်ရဲ့ တန်ကြေးကို ယူရို ၁၅သန်း သတ်မှတ်ထားကြောင်း သိရပါတယ်။

Photo Credit: Marca

အသက် ၂၄နှစ် အရွယ် အီကွေဒေါ လက်ရွေးစင် ဘယ်နောက်ခံလူ အူစတူပီနန်က ကစားပုံ မာကျောတဲ့ ဘယ်နောက်ခံလူ တဦး ဖြစ်ပြီး တိုက်စစ်လိုက်ပါမှု အပိုင်းမှာ အရမ်းကြီး အားမကိုးရပေမယ့် သူ့ရဲ့ ခံစစ်ကစားပုံဟာ အတော်လေး ကောင်းမွန်တာကြောင့် ခံစစ်အားသန် နည်းပြတဦး ဖြစ်တဲ့ ကွန်တီရဲ့ စိတ်ကြိုက် ကစားသမား တဦးလည်း ဖြစ်ကြောင်း စပါးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောကြားထားပါတယ်။