ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ဂိုးသမားလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ဝါရင့် ဂိုးသမား လိုရစ်ရဲ့နေရာ အတွက် သင့်တော်တဲ့ ဂိုးသမား တဦးကို ရှာဖွေဖို့ စတင် ကြိုးပမ်းလာကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၄နှစ် အရွယ် ပြင်သစ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ အသင်းခေါင်းဆောင် ဟူဂို လိုရစ်ဟာ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း ဂိုးသမားတွေထဲက တဦး ဖြစ်ပေမယ့် အသက်အရွယ် ရလာတာကြောင့် ယခုနှစ် ဘောလုံးရာသီမှာ လက်စွမ်းတွေ ကျဆင်းနေပြီး ပေးဂိုး အမြောက်အမြားကို ခွင့်ပြုထားရပါတယ်။

Photo Credit: Express

ဟူဂို လိုရစ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ စပါးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၈ဂိုး အထိ ခွင့်ပြုပေးခဲ့ရပြီး ပေးဂိုးမဲ့တဲ့ ပွဲစဉ် အရေအတွက်ကလည်း ၄ပွဲသာ ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ခံစစ်ပိုင်း ကျစ်လျစ်မှုကို ဦးစားပေးတဲ့ စပါးအသင်းရဲ့ နည်းပြသစ် ကွန်တီက လိုရစ်ရဲ့နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း ဂိုးသမား တဦးကို ရှာဖွေပေးဖို့ အသင်းကို တောင်းဆိုခဲ့တာပါ။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Mins သတင်းဌာနရဲ့ ဖော်ပြချက်အရ ကွန်တီဟာ စပါးအသင်းကို စတင် ကိုင်တွယ်တဲ့ အချိန်မှာပဲ သူတို့အသင်း အနေနဲ့ ဂိုးသမား အပြောင်းအလဲ လုပ်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း အသင်းရဲ့ တာဝန်ရှိသူတွေကို အသိပေးခဲ့ပြီး အဆိုပါအချိန်မှ စတင်ကာ စပါးအသင်းဟာ လိုရစ်ရဲ့နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း ဂိုးသမား တဦးကို စတင် ရှာဖွေခဲ့ကာ အေဂျက်အသင်းရဲ့ ဂိုးသမား အိုနာနာနဲ့ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်တို့ကို ထိပ်သီး ပစ်မှတ်တွေ အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

Photo Credit: Express

ဗြိတိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနကလည်း စပါးအသင်းဟာ အင်္ဂလန် လက်ရွေးစင် ဂိုးသမား ဖြစ်သူ ပစ်ဖို့ဒ်ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေကြောင်း ယနေ့မနက်ပိုင်းမှာပဲ ဖော်ပြလာခဲ့ပြီး အိုနာနာဟာ အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားတာကြောင့် စပါးအသင်း အတွက် ဦးစားပေး ပစ်မှတ် ဂိုးသမားက ပစ်ဖို့ဒ်သာ ဖြစ်ကြောင်း ဆိုပါတယ်။

အသက် ၂၇နှစ် အရွယ် အင်္ဂလန်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ပစ်ဖို့ဒ်ဟာ အဲဗာတန်အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်ရှိတော့သူ ဖြစ်ပြီး အဲဗာတန်အသင်းမှာ ပျော်ရွှင်နေပေမယ့် စပါးအသင်းကသာ သူ့ကို ကမ်းလှမ်းလာမယ် ဆိုရင် ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိကြောင်း ပစ်ဖို့ဒ်နဲ့ နီးစပ်သူတွေက အတည်ပြု ပြောကြားထားပါတယ်။