ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ နီးစပ်နေတဲ့ ဒမ်ဘီလီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်လာကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အူစမာနီ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းရဲ့ သမိုင်းတလျှောက် ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမားတွေထဲက တဦး ဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်ရှိတော့သူပါ။

Photo Credit: 90 Mins

လက်ရှိမှာတော့ ဘာစီလိုနာအသင်းက ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် အပြင်းအထန် ကြိုးစားနေသလို ဆွေးနွေးမှုတွေလည်း ဆက်တိုက် ဆိုသလို ပြုလုပ်နေပေမယ့် ဘာစီလိုနာ အသင်းဘက်က ဒမ်ဘီလီ လိုချင်နေတဲ့ လုပ်ခလစာကို ပေးချေနိုင်ခြင်း မရှိတာကြောင့် စာချုပ်သစ်ကိစ္စ အကောင်အထည် ပေါ်ဖို့ ကြာမြင့်နေတာလည်း ဖြစ်ပါတယ်။

ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ၆လကျော်သာ ကျန်ရှိတော့သူ ဖြစ်တာကြောင့် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့ကို ရောက်ရင် သူ နှစ်သက်တဲ့ အသင်းနဲ့ အကြို သဘောတူညီမှု စာချုပ် ချုပ်ဆိုနိုင်ဖို့ ရှိနေပြီး ဘာစီလိုနာနဲ့ ဒမ်ဘီလီရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ အသင်းတွေ အမြောက်အမြား ရှိနေပါတယ်။

Photo Credit: 90 Mins

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Mundo Deportivo သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒမ်ဘီလီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ထိပ်တန်းနည်းပြ ကွန်တီ ကိုင်တွယ်နေတဲ့ စပါးအသင်းလည်း ပါဝင်လာပြီး ကွန်တီက အသင်းရဲ့ ၄-၃-၃ ကစားကွက်မှာ ဒမ်ဘီလီကို ဆွန်ဟောင်မင် ၊ ဟယ်ရီကိန်းတို့နဲ့ ပေါင်းစပ်ကာ အသုံးပြုချင်နေကြောင်း သိရပါတယ်။

ဒမ်ဘီလီကတော့ သူ့ရဲ့ စာချုပ်သစ်မှာ အနိမ့်ဆုံး တပတ် လုပ်ခလစာ ယူရို ၂သိန်း ဝန်းကျင် အလိုရှိနေပြီး စပါးအသင်း အပါအဝင် ဥရောပအသင်းကြီး အများစုက ဒမ်ဘီလီကို သူ လိုချင်တဲ့ လုပ်ခလစာ ပေးချေဖို့ အဆင်သင့် ရှိနေတာကြောင့် ဘာစီလိုနာအသင်း အနေနဲ့ ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။