ပရီးမီးယားလိဂ် နာမည်ကြီး အသင်း တစ်သင်း ဖြစ်တဲ့ စပါးအသင်းဟာ သူတို့အသင်းရဲ့ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းရဲ့ ဂျာမန် နောက်ခံလူ ရူဒီဂါကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း ခိုင်လုံတဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ သိရှိရပါတယ်။ အသက် ၂၇ နှစ် အရွယ် ဂျာမန် နောက်ခံလူ ရူဒီဂါဟာ ချယ်လ်ဆီး အသင်းထံကို ဂျာမန် ကစားသမားတွေ ဖြစ်တဲ့ တီမိုဝါနာနဲ့ ဟားဗက်တို့ ရောက်လာစေဖို့ စည်းရုံး ပေးခဲ့သူ တစ်ဦး ဖြစ်ပေမယ့် ချယ်လ်ဆီးအသင်း နည်းပြ လမ်းပတ်ဟာ အသင်းရဲ့ လူငယ် ခံစစ်မှူး တိုမိုရီကို အခွင့်အ​ရေး များများ ပေးဖို့ စဉ်းစားနေတာကြောင့် ပိုလျှံနေတဲ့ နောက်ခံလူတွေထဲမှာ ရူဒီဂါကို ရောင်းချဖို့ စီစဉ် နေပါတယ်။

Photo Credit: BBC

ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ ဇူးမား ၊ ခရစ္စတန်ဆန် ၊ သီယာဂို ဆေးလ်ဗား ၊ တိုမိုရီ ၊ ရူဒီဂါ စတဲ့ ဗဟိုနောက်ခံလူ ၅ဦးအထိ ပိုင်ဆိုင် ထားတာကြောင့် လမ်းပတ် အနေနဲ့ အသင်းရဲ့ ဘဏ္ဏာရေး အခြေအနေ ပြန်လည် တောင့်တင်းစေရန် အတွက် နောက်ခံလူ တစ်ဦးကို ရောင်းချချင် နေပြီး ရူဒီဂါဟာ လမ်းပတ် ရောင်းထုတ်ချင် နေတဲ့ ကစားသမား ဖြစ်ကြောင်း လန်ဒန်မြို့ သတင်းဌာနတွေ ကလည်း ဖော်ပြ ထားကြပါတယ်။ အသက် ၂၇ နှစ် အရွယ် ဂျာမန် ခံစစ်မှူး ရူဒီဂါရဲ့ တန်ကြေးဟာ ယူရို ၄၀ သန်း ဝန်းကျင် ရှိပေမယ့် ချယ်လ်ဆီး အသင်း ကတော့ ယူရို ၃၅ သန်း ဝန်းကျင် ရရှိရုံနဲ့ ရူဒီဂါကို ရောင်းချသွားဖို့ စဉ်းစား ထားပြီး အဆိုပါ ပမာဏကြောင့်ပဲ မြို့ခံ ပြိုင်ဘက် စပါးအသင်းဟာ ရူဒီဂါကို ဝယ်ယူဖို့ စိတ်ဝင်စား လာတာပဲ ဖြစ်ပါတယ်။

Photo Credit: BBC

စပါးအသင်းဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ ဗဟို နောက်ခံလူ တစ်ဦးနဲ့ တိုက်စစ်မှူး တစ်ဦးတို့ကို ခေါ်ယူဖို့ ကြိုးစားနေပြီး လက်ရှိမှာ အင်တာမီလန် အသင်းရဲ့ ခံစစ်မှူး ရှကီရီနာ ကို ခေါ်ယူဖို့ ကြိုးစား နေပေမယ့် ရှကီရီနာ အတွက် အင်တာမီလန် အသင်းက အလိုရှိ နေတဲ့ ပြောင်းရွှေ့ကြေး ဟာ အနည်းငယ် မြင့်မားနေတာကြောင့် ခေါ်ယူဖို့ ခက်ခဲ နေပါတယ်။ Sky Sports သတင်းဌာနမှ သတင်းထောက်တွေရဲ့ ပြောပြချက် အရ စပါးအသင်းဟာ ရူဒီဂါကို ခေါ်ယူဖို့ စိတ်ဝင်စား နေသလို တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့လည်း စီစဉ်နေကြောင်းနဲ့ မော်ရင်ဟိုဟာ အရပ်အမောင်း မြင့်မားကာ ကစားအား ကောင်းတဲ့ ရူဒီဂါကို ရရှိပါက လိုချင်တယ် လို့ စပါးအသင်း ဥက္ကဌ လီဗိုင်းထံ အသိပေးထားကြောင်း သိရှိရပါတယ်။ ရူဒီဂါအနေနဲ့လည်း လန်ဒန်မြို့မှာ နေရတာ အသားကျနေပြီ ဖြစ်တာကြောင့် စပါးအသင်းထံ ပြောင်းရွှေ့ဖို့ သဘော တူညီဖွယ် ရှိကြောင်း ချယ်လ်ဆီးအသင်းနဲ့ နီးစပ်သူတွေက ဝန်ခံထားပါတယ်။