MySport Myanmar

အန်သိုနီ မာရှယ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ စပါး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက သူတို့ရဲ့ ပြည်တွင်းပြိုင်ဘက် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပြင်သစ်တိုက်စစ်မှူး အန်သိုနီ မာရှယ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ်တိုက်စစ်မှူး အန်သိုနီ မာရှယ်က ၂၀၁၅ခုနှစ်မှာ ပြင်သစ်ကလပ် မိုနာကို ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ယူနိုက်တက်ဆီ စစရောက်ချင်းမှာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်နေရသူပါ။

Photo Credit: Sky Sports

အန်သိုနီ မာရှယ်က ၉နှစ်တာ ကာလအတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၃၁၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉၀ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄၈ကြိမ် ရရှိထားပြီး သူ့ရဲ့ ပင်ကိုယ် အရည်အသွေးက ထိပ်တန်းအဆင့်မှာ ရှိပေမယ့် ကြံ့ခိုင်မှုကတော့ အတော်လေးကို အားနည်းပါတယ်။

အန်သိုနီ မာရှယ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၄၄၁မိနစ်သာ ပါဝင် ကစားပေးနိုင်ခဲ့သလို ယခုနှစ်ရာသီမှာလည်း သူက ဒဏ်ရာပြဿနာမျိုးစုံကြောင့် တရာသီလုံးနီးပါး အနားယူနေရပြီး သူ့ရဲ့ ဆိုးရွားတဲ့ ကြံ့ခိုင်မှုကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က သူ့ကို စာချုပ်သစ် မချုပ်ပဲ ရာသီကုန်ချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Express

နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ Tutto Sportsနဲ့ Sport Witness သတင်းဌာနတို့ရဲ့ တူညီတဲ့ ဖော်ပြချက်တွေအရ လာမယ့် နွေဈေးကွက်မှာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ စီစဉ်နေတဲ့ စပါးက မာရှယ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

စပါးအပြင် အီတလီ ထိပ်သီးကလပ် ဂျူဗင်တပ်ကလည်း မာရှယ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မာရှယ်ကတော့ သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရဖို့ သေချာသလို ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့ နာမည်ကြီးအသင်း တသင်းဆီ ပြောင်းဖို့ ဆုံးဖြတ်ထားကြောင်း မာရှယ်နဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။

Exit mobile version