MySport Myanmar

ဘာစီလိုနာ ခံစစ်မှူး လွန်းဂလတ်ကို ခေါ်ယူသွားဖို့ ဆွေးနွေးနေတဲ့ တော့တင်ဟမ်

မကြာသေးခင်ကမှ အင်တာမီလန်အသင်းရဲ့ ဝါရင့်တောင်ပံကစားသမားကြီး အိုင်ဗန်ပါရီဆစ်ကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ အခုလည်း အသင်းခံစစ်ပိုင်းကို အားဖြည့်သွားဖို့အတွက် ဘာစီလိုနာအသင်းရဲ့ နောက်ခံကစားသမား ကလီးမွန့်လွန်းဂလတ်ကိုပါ ခေါ်ယူသွားဖို့ပါ ထပ်မံကြိုးပမ်းနေပြီလို့ စပိန်သတင်းစာ SPORT ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Barca Blaugranes

စပါးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ် အမှတ်ပေးဇယားအတွင်း အဆင့်(၄)နေရာကို ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ပိုင်ဆိုင်ထားလို့ ကစားသမားအင်အားပိုင်းမှာလည်း ထပ်မံဖြည့်တင်းသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ စပါးအသင်းဟာ အသင်းမှာ အားအနည်းဆုံး အပိုင်းဖြစ်နေတဲ့ ခံစစ်ပိုင်းအတွက် ကစားသမားသစ်တွေ ခေါ်ယူသွားချင်နေပြီး အင်တာမီလန်ရဲ့ အီတလီ ခံစစ်ကစားသမား ဘက်စတိုနီကို အလိုရှိနေသလို အခုလည်း ဘာစီလိုနာအသင်းရဲ့ ပြင်သစ်ခံစစ်မှူး လွန်းဂလတ်ကိုပါ ကမ်းလှမ်းသွားချင်နေတာ ဖြစ်ပါတယ်။

Photo Credit : beIN Sports

အသက်(၂၆)နှစ်အရွှယ်ရှိ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကတည်းက ဆီဗီလာအသင်းကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုဆို အသင်းနဲ့ (၄)ရာသီအထိ ဖြတ်သန်းထားခဲ့ပြီး ဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီအတွင်း အသင်းအတွက် လာလီဂါပွဲစဉ်တွေကို (၂၁)ပွဲ ပါဝင်ခဲ့ရလို့ အဲ့ဒီထဲကမှ ပွဲစဉ်(၉)ပွဲသာ ပါဝင်ခဲ့ရပါတယ်။ ဗဟိုခံစစ်မှူး လွန်းဂလတ်ဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် ဘာစီလိုနာက အသင်းရဲ့ ဗဟိုခံစစ်နေရာမှာ ပီကေး အာရူဟို အဲရစ်ဂါဆီယာတို့အပြင် ချယ်လ်ဆီးကနေ ခရစ္စတန်ဆန်ကိုပါ ခေါ်ယူထားခဲ့တာဖြစ်လို့ လွန်းဂလတ်အနေနဲ့ အသင်းရဲ့ ခံစစ်မှာ ပုံမှန်နေရာရဖို့ ခက်ခဲလာနိုင်လို့ သူ့အနာဂတ်အတွက် စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေမှာ စပါးအသင်းက လွန်းဂလတ်ကို (၂)ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် ဆက်သွယ်မှုတွေ လုပ်ဆောင်လာခဲ့ပြီး လာလီဂါဘက်ကတော့ လာလီဂါ ကစားသမားတွေကို (၁)နှစ်ပဲ အငှားချခွင့်ပြုမယ့် စည်းမျဉ်းအသစ်ကို ထုတ်ပြန်ထားခဲ့တာကြောင့် စပါးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ကြား ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပြီး တကယ်လို့ အငှားချဖြစ်ခဲ့မယ်ဆိုရင် အငှား+အပြီးသတ်ရောင်းချခွင့်နဲ့သာ ထွက်ခွာခိုင်းဖွယ် ရှိနေပါတယ်။

Exit mobile version