၂၀၂၂ခုနှစ် နွေဈေးကွက်အတွင်းမှာ အန်တိုနီယိုကွန်တီရဲ့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာရော ဥရောပဘောလုံးနယ်ပယ်အတွင်းမှာပါ အပြောင်းအရွှေ့ကိစ္စတွေအတွက် ခပ်သွက်သွက် လှုပ်ရှားလို့ရှိနေပြီး ရက်သတ္တပတ် (၄)ပတ်တာအတွင်းမှာ ကစားသမားသစ်(၄)ဦးထိကို ခေါ်ယူထားနိုင်ခဲ့ပြီး လက်ရှိမှာလည်း ဘာစီလိုနာ နောက်ခံလူ လွန်ဂလတ်ကိုပါ ထပ်မံခေါ်ယူနိုင်ဖို့ အလားအလာကောင်းနေရပြီ ဖြစ်ပါတယ်။

Photo Credit : Twitter

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၄)နေရာကို ရယူနိုင်ခဲ့တဲ့ စပါးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည်ဆင်နွဲခွင့် ရရှိခဲ့ပြီ ဖြစ်တာကြောင့် အခုနွေဈေးကွက်မှာပဲ ကစားသမား အင်အားဖြည့်တင်းမှုတွေကို အရှိန်အဟုန်ကောင်းကောင်းနဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စပါးအသင်းဟာ ပါရီဆစ် ဖော်စတာ ဘစ်ဆူးမားနဲ့ ရစ်ချာလီဆန်တို့ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး လတ်တလောမှာလည်း အသင်းရဲ့ လိုအပ်နေတဲ့ ဗဟိုခံစစ်နေရာအတွက် ပြင်သစ်နောက်ခံလူ လွန်ဂလတ်ကိုပါ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

Ivan Perisic - News, views, gossip, pictures, video - The Mirror

Photo Credit : The Mirror

စပါးအသင်းဟာ နွေဈေးကွက်အစမှာပဲ အင်တာမီလန်အသင်းရဲ့ ခရိုအေးရှား ဝါရင့်တောင်ပံကစားသမားကြီး အိုင်ဗန်ပါရီဆစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး ပါရီဆစ်ဟာလည်း စပါးအသင်းမှာ ပါဝင်ကစားဖူးတဲ့ ပဉ္စမမြောက် ခရိုအေးရှား ကစားသမားပါ ဖြစ်လာခဲ့ရပါတယ်။ ပါရီဆစ်လို အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားသစ်ကို ခေါ်ယူပြီးနောက်မှာ မနှစ်က အတ္တလန်တာကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ဂိုးသမား ဂိုလီနီကို အပြီးသတ် မခေါ်ယူခဲ့ပဲ ဆောက်သမ်တန် ဂိုးသမား ဖရေဆာဖော်စတာကိုသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။ ပါရီဆစ်ကို မေလကုန်ခါနီးနဲ့ ဖော်စတာကို ဇွန်(၈)ရက်နေ့မှာ ခေါ်ယူခဲ့တဲ့ စပါးအသင်းဟာ နောက်ထပ် တတိယမြောက် ကစားသမားသစ်အဖြစ် အသင်းနဲ့ သတင်းသိပ်မထွက်တဲ့ ဘရိုက်တန် ကွင်းလယ်လူ ဘစ်ဆူးမားကို ဇွန်(၁၄)ရက်မှာပဲ ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)နဲ့ ခေါ်ယူခဲ့ပြီး (၄)နှစ်စာချုပ်ချုပ်ဆို ဖြစ်ခဲ့ပါတယ်။ ဒီလို ကစားသမား(၃)ဦး ခေါ်ယူလို့အပြီး ဇူလိုင်(၁)ရက်နေ့မှာတော့ အဲဗာတန် တိုက်စစ်ကစားသမား ရစ်ချာလီဆန်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)နဲ့ ခေါ်ယူလိုက်ပါတယ်။ ကစားသမားသစ် (၄)ဦးအတွက် စုစုပေါင်း ပေါင်သန်း(၉၀)အထိ အသုံးပြုခဲ့တဲ့ စပါးအသင်းဟာ အဲ့ဒီကစားသမား(၄)ဦးကို (၄)ပတ်တာအတွင်းမှာပဲ ခေါ်ယူခဲ့တာဖြစ်သလို လတ်တလောမှာလည်း လွန်ဂလတ်နဲ့ လင်ဂတ်တို့ကိုပါ ထပ်မံခေါ်ယူဖွယ် ရှိနေပါတယ်။