ပီအက်စ်ဂျီအသင်းကတော့ နည်းပြသောမတ်စ်တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက်ပိုင်း လစ်လပ်နေတဲ့ အသင်းရဲ့နည်းပြရာထူးအတွက် လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ စပါးနည်းပြဟောင်းလည်းဖြစ် သူတို့ရဲ့အသင်းသားဟောင်းတစ်ယောက်လည်းဖြစ်တဲ့ မာရီစီယိုပိုချက်တီနိုကို အစားထိုးခန့်အပ်သွားတော့မယ်ဆိုတဲ့ သတင်းတွေကလည်း အတော်လေးကို ဟိုလေးတကျော် ဖြစ်လာခဲ့တဲ့အပြင် ပိုချက်တီနိုနဲ့အတူ ပီအက်စ်ဂျီကို ရောက်လာနိုင်မယ့် ကစားသမားသစ်တွေရဲ့အကြောင်းကိုလည်း သတင်းမီဒီယာပေါင်းစုံကနေ ဖော်ပြလာခဲ့ကြပါတယ်။

Photo Credit : France Football

ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့မယ်ဆိုရင် သူရဲ့အသင်းဟောင်း စပါးက ကစားသမားတွေကို ဦးစားပေးခေါ်ယူသွားမှာဖြစ်ပြီး ဂိုးသမားဟူဂိုလိုရစ်နဲ့ ကွင်းလယ်ကစားသမား ဒယ်လီအလီတို့ကို အရခေါ်ယူဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းဘက်ကလည်း ဂိုးသမားတစ်ယောက်ကို အလိုရှိနေတာဖြစ်လို့ ပိုချက်တီနိုကိုသာ အသင်းနည်းပြအဖြစ် သေချာပေါက် ခန့်အပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ပိုချက်တီနိုရဲ့ တပည့်ဟောင်းလိုရစ်ကို အသင်းဆီ အရခေါ်ယူပေးသွားဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

ဒီလိုအခြေအနေတွေ ရှိနေရတဲ့အတွက် စပါးအသင်းဟာ သူတို့ရဲ့ အဓိကဂိုးသမားဖြစ်သူ လိုရစ်ကို လက်လွတ်လိုက်ရပါက ဂိုးသမားသစ်တွေကို ရှာဖွေလျက်ရှိနေပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားဖြစ်သူ ဒင်းဟန်ဒါဆန်နဲ့ ဝက်စ်ဘရွန်းအသင်းရဲ့ ဂိုးသမားဆမ်ဂျွန်စတုန်းတို့ကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရပါတယ်။ စပါးအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ဂိုးသမားလိုရစ်ဟာ ၂၀၁၂ခုနှစ်ကမှ စပါးအသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းနဲ့ကလည်း စာချုပ်သက်တမ်း တစ်နှစ်လောက်သာ ကျန်ရှိနေတော့တာဖြစ်သလို သူရဲ့အသက်အရွှယ်ကလည်း (၃၅)နှစ်နား ကပ်လာခဲ့ပြီဖြစ်တာကြောင့် စပါးအသင်းအတွက် ဂိုးသမားသစ်တစ်ယောက်ကို မဖြစ်မနေ ရှာဖွေရတော့မှာဖြစ်ပါတယ်။ လတ်တလောမှာတော့ အသင်းမှာ လိုရစ်အပြင် ဂျိုးဟတ်နဲ့ ဂါဇာနီကာတို့ ရှိနေပေမယ့်လည်း ဂျိုးဟတ်ရဲ့လက်စွမ်းတွေက စိတ်ချရတဲ့ အနေအထားမှာ ရှိမနေတဲ့အပြင် ဂါဇာနီကာကလည်း ပွဲကစားခွင့်တွေ လုံးဝမရလို့ အသင်းနဲ့ လမ်းခွဲဖို့ကို နီးစပ်နေတာကြောင့် စပါးအနေနဲ့ ဂိုးသမားသစ်တစ်ယောက်ကို ခေါ်ယူရဖွယ် ရှိလို့နေပြီး ဒီနှစ်ဘောလုံးရာသီကမှ ပရီးမီးယားလိဂ်ကို တန်းပြန်တတ်လာခဲ့တဲ့ ဝက်စ်ဘရွန်းအသင်းရဲ့ ဂိုးသမား ဆမ်ဂျွန်စတုန်းကို အဓိကပစ်မှတ်ထားလျက် ရှိနေပါတယ်။