MySport Myanmar

ပိုစတီကိုဂလူးက ရာထူးကနေ ထုတ်ပယ်ခံရသင့်တယ်လို့ စပါးပရိသတ်တွေ ပြောဆိုလာ

တော့တင်ဟမ် ဟော့စပါးအသင်းဟာ မနေ့ညက ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ ကစားခဲ့ရတဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ဒီရာသီထဲ ပရီးမီးယားလိဂ်နိုင်ပွဲ တစ်ပွဲမှ မရှိသေးတဲ့ မြို့ခံကလပ် ပဲလေ့စ့်ကို အရှုံးပေးခဲ့ရတာကြောင့် အသင်းပရိသတ်တွေက ဒေါသထွက်ပြီး နည်းပြ ပိုစတီကိုဂလူးကို ရာထူးကနေ ထုတ်ပယ်ခံရစေချင်နေပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ စပါးအသင်းကို စတင် ကိုင်တွယ်ဖြစ်ခဲ့တဲ့ သြစတြေးလျလူမျိုး ဘောလုံးနည်းပြ ပိုစတီကိုဂလူးဟာ သူရဲ့ စပါးနည်းပြဘဝ ပွဲဦးထွက်ရာသီမှာတော့ အသင်းကို ပရီးမီးယားလိဂ်မှာ အဆင့်ရပ်တည်မှု အဆင့်(၅)ထိ ပို့ဆောင်နိုင်ခဲ့လို့ ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့ရပါတယ်။

Photo Credit : Football Faintful

အသင်းနဲ့ တာထွက်တဲ့ ရာသီမှာ အခုလောက်အထိပဲ စွမ်းဆောင်နိုင်ခဲ့တာက သိပ်ကိစ္စမရှိပေမယ့်လည်း အခု ဒုတိယမြောက်ရာသီမှာတော့ ပိုစတီကိုဂလူးရဲ့ စပါးအသင်းဟာ ပရီးမီးယားလိဂ် (၉)ပွဲ ကစားပြီးချိန်အတွင်း ရှုံးပွဲက (၄)ပွဲအထိတောင် ရှိလာခဲ့ရသလို ပဲလေ့စ်လို နိုင်ပွဲလုံးဝမရှိသေးတဲ့ အသင်းကိုပါ အရှုံးပေးခဲ့ရပါသေးတယ်။

စပါးအနေနဲ့ ယူရိုပါလိဂ်မှာ ရလဒ်တွေ ကောင်းနေပေမယ့် လိဂ်ဖလားမှာ မန်စီးတီးနဲ့ ဆုံတွေ့နေတာကြောင့် နောက်တစ်ဆင့် တက်ဖို့က မလွယ်ကူနိုင်ဘဲ ပရီးမီးယားလိဂ်ဘက်မှာလည်း Top 4 နေရာနဲ့ (၅)မှတ်အထိ ကွာဟလို့နေပါတယ်။ ဒီအခြေအနေမှာ စပါးပရိသတ်တွေက နည်းပြ ပိုစတီကိုဂလူးကို ရာထူးကနေ ထုတ်ပယ်ခံရသင့်တယ်လို့ပါ ပြောဆိုလာကြပါတော့တယ်။

Photo Credit : beIN SPORTS

စပါးပရိသတ်တွေက ပဲလေ့စ်ကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီးနောက် အသင်းရလဒ်ပိုင်းတွေအတွက် နည်းပြ ပိုစတီကိုဂလူးကို ဒေါသထွက်ခဲ့ကြပြီး (၁၅)နှစ်တာ ကာလအတွင်း သူတို့အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေထဲမှာ ပိုစတီကိုဂလူးက အဆိုးရွှားဆုံးသော နည်းပြတစ်ဦး ဖြစ်တယ်လို့ပါ ပြောဆိုလာကြပါတယ်။

စပါးအသင်း တာဝန်ရှိသူတွေကတော့ မော်ရင်ဟို ကွန်တီတို့လို နာမည်ကြီး ထိပ်တန်းနည်းပြတွေနဲ့တောင် လက်တွဲဖြုတ်ခဲ့သေးတာဖြစ်လို့ ပိုစတီကိုဂလူးသာ ရလဒ်တွေ မတည်ငြိမ်ဘူးဆိုရင် အသင်းကနေ ထုတ်ပယ်ခံရနိုင်ဖွယ်လည်း ရှိနိုင်ပါတယ်။ လာမယ့်ပွဲစဉ်တွေမှာတော့ ပိုစတီကိုဂလူးရဲ့ စပါးအသင်းက မန်စီးတီး ဗီလာတို့နဲ့ ဆက်တိုက် ဆုံတွေ့ရဦးမှာမို့ ပိုစတီကိုဂလူးအတွက်တော့ ဖိအားများစရာ အချိန်အခါ ဖြစ်လာရပါတော့မယ်။

Exit mobile version