MySport Myanmar

တောင်ကိုရီးယား ခရီးစဉ်အတွက် တင်းကြပ်တဲ့ လုံခြုံရေးတွေ စီစဉ်ထားရတဲ့ တော့တင်ဟမ်

တော့တင်ဟမ်ဟော့စပါးအသင်းဟာ လာမယ့်နွေရာသီအတွင်း ရာသီကြို ခြေစမ်းပွဲတွေအဖြစ် အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ရဲ့ အမိမြေဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံဆီကို သွားရောက်ကျင်းပဖို့ ပြင်ဆင်ထားခဲ့ရာ ဆွန်ဟောင်မင်ကို သောင်းသောင်းဖျဖျ ကြိုဆိုမှုတွေ အုံလိုက်ကျင်းလိုက် ဖြစ်နေမယ့်အတွက် ကြီးကြီးမားမား လုံခြုံရေးတွေပါ လုပ်ဆောင်ထားဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Twitter

စပါးအသင်းရဲ့ တောင်ကိုရီးယား ခရီးစဉ်ဟာ သာမာန် tour တစ်ခုသာ ဖြစ်ပေမယ့်လည်း အသင်းရဲ့ တောင်ကိုရီးယားကြယ်ပွင့် ဆွန်ဟောင်မင်ရဲ့ အိမ်အပြန် ခရီးစဉ်ဖြစ်သလို ဆွန်ကလည်း သူတို့နိုင်ငံရဲ့ အကျော်အမော်တစ်ဦးလို ဖြစ်နေရတာကြောင့် စပါးအသင်းဘက်ကနေ လုံခြုံရေး အစီအစဉ်တွေကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်သွားဖို့ ပြင်ဆင်နေရတာ ဖြစ်ပါတယ်။

Photo Credit : The Sun

စပါးအသင်းဟာ လာမယ့်ဇူလိုင်လထဲ တောင်ကိုရီးယား အမှတ်ပေးလိဂ်ဖြစ်တဲ့ ကေလိဂ်ပြိုင်ပွဲရဲ့ ညွှန့်ပေါင်းအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားကြောင်းကို ဒီတစ်ပတ်အတွင်းမှာပဲ တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။ ဒါ့အပြင် စပါးအသင်းဟာ ဆွန်ဟောင်မင်ရဲ့ တောင်ကိုရီးယားအသင်းဖော် လီကန်အင်း ပါဝင်ကစားနေတဲ့ လာလီဂါကလပ် မာယော့ကာအသင်းနဲ့ပါ ခြေစမ်းပွဲ ဆက်လက်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီခရီးစဉ်ကို စပါးအသင်းသားတွေက ထုတ်ဖော်ပြောဆိုလာတဲ့အခါ တောင်ကိုရီးယား နိုင်ငံသားတွေအနေနဲ့ ဆွန်ဟောင်မင်ကို ကေပေါ့လ်စတားတွေထက်ပင် အားပေးကြမ်းဖွယ် ရှိနိုင်တယ်လို့ပါ အရွှန်းဖောက် ပြောဆိုခဲ့ကြပါတယ်။ ပရီးမီးယားလိဂ် ဘောလုံးအသင်းတွေကတော့ စပါးအသင်းလို တောင်ကိုရီးယား ကြယ်ပွင့်ကစားသမားမျိုး ပိုင်ဆိုင်ထားခြင်း ရှိမရှိ တောင်ကိုရီးယားနိုင်ငံအတွင်းမှာတော့ အင်္ဂလိပ် ကလပ်အသင်းတွေက အတော်လေးကို ရေပန်းစားနေကြပါတယ်။

Photo Credit : Business Korea

ဆွန်ဟောင်မင်ကြောင့် စပါးအသင်းကို အားပေးလာခဲ့ကြတဲ့ ကိုရီးယားနိုင်ငံသားတွေဆိုရင်လည်း စပါးအသင်း ပွဲစဉ်ရှိတဲ့ နေ့ရက်တိုင်းမှာ လိုက်လံအားပေးမှုတွေ ရှိခဲ့သလို တခါတလေမှာလည်း ကိုရီးယားရဲ့ အထင်ရ ရုပ်ရှင်သရုပ်ဆောင်တွေ ကေပေါ့လ်အဆိုတော်တွေပါ အားပေးတတ်ကြပါတယ်။ ဒါကြောင့် စပါးအသင်းဟာ တရားဝင် ကိုရီးယား fan club (၄)ခု ကိုရီးယား ဘာသာစကားနဲ့ တင်ဆက်ပေးနေတဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေနဲ့ စီးပွားဖြစ် ပူးပေါင်းဆောင်ရွှက်မှုတွေကို လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Exit mobile version