ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးက ယခု နွေဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ရောင်းချဖြစ်ခဲ့ရင် ဂျူဗင်တပ်ရဲ့ တိုက်စစ်မှူး ဗလာဟိုဗစ်ကို ပြန်လည် ခေါ်ယူရန် စီစဉ်ထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန်နဲ့ စပါးတို့ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းက စပါးနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သူ ဖြစ်ပြီး စပါးက သူ့ကို စာချုပ်သစ် ချုပ်ဆိုချင်နေပေမယ့် ဟယ်ရီကိန်းကတော့ ဒီနွေဈေးကွက် အတွင်းမှာ ဆုဖလားတွေ စိန်ခေါ်နိုင်မယ့် ထိပ်သီးအသင်းတွေဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ကူး ရှိနေပါတယ်။

Photo Credit: Football Talk

လက်ရှိမှာတော့ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းကို ခေါ်ယူဖို့ တရားဝင် ကြိုးစားနေပြီး ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူထားတာကြောင့် ဘိုင်ယန်မြူးနစ်နဲ့ စပါးကသာ ပြောင်းရွှေ့ကြေး အတွက် သဘောတူညီမှု ရခဲ့ရင် ဟယ်ရီကိန်းဟာ ဂျာမန်မြေဆီ ပြောင်းရွှေ့တော့မှာပါ။

ဒါကြောင့်ပဲ စပါးရဲ့ တာဝန်ရှိသူတွေက ဟယ်ရီကိန်းအတွက် ဘိုင်ယန်မြူးနစ်နဲ့ ဆွေးနွေးမှုတွေ လုပ်နေသလို တဖက်မှာလည်း ဟယ်ရီကိန်းရဲ့ နေရာကို အစားဝင်နိုင်မယ့် အရည်အသွေးမြင့် တိုက်စစ်မှူးတွေကို လိုက်လံ ချိတ်ဆက်နေပြီး ဂျူဗင်တပ် တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ စပါးရဲ့ နံပါတ် ၁ ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Football London

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ပင်တိုင် သတင်းထောက် ဆိုင်မွန် ဂျုံးစ်ရဲ့ ဖော်ပြချက်အရ စပါးက ယခု နွေဈေးကွက် အတွင်းမှာ ဟယ်ရီကိန်းကို ဆုံးရှုံးခဲ့ရရင် သူ့ရဲ့နေရာ အတွက် ဗလာဟိုဗစ်ကို ပြန်ခေါ်ဖို့ ဆုံးဖြတ်ထားပြီး ဗလာဟိုဗစ်ကို မရမှသာ တခြား တိုက်စစ်မှူးတွေကို လိုက်လံ ချိတ်ဆက်မယ်လို့ သိရပါတယ်။

ဂျူဗင်တပ်ကတော့ ဗလာဟိုဗစ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၉၀သန်း လိုချင်နေပြီး လက်ရှိမှာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီကလည်း ဗလာဟိုဗစ်ကို ခေါ်ယူရန် ကြိုးစားနေတာကြောင့် စပါးက ဗလာဟိုဗစ်ကို ခေါ်ချင်ရင် ခပ်သွက်သွက် လှုပ်ရှားနိုင်ဖို့ လိုပါတယ်။