ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက သူတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ ဂျာမိန်း ဒီဖိုးကို ၂၀၀၈ခုနှစ်မှာ ပို့စ်မောက်ဆီ ရောင်းချခဲ့စဉ်က တရားမဝင်အေးဂျင့်နဲ့ ဆက်သွယ်ခဲ့တာကြောင့် ရမှတ်လျှော့ပြစ်ဒဏ်ကို ကျခံရဖွယ် ရှိနေကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

ဂျာမိန်း ဒီဖိုးက စပါးအတွက် ဘောလုံးရာသီ ၁၀ရာသီ အထိ ပါဝင် ကစားပေးခဲ့သူ ဖြစ်ပြီး သူက စပါးအတွက် ပြိုင်ပွဲစုံမှာ ၃၆၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၄၃ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ စပါးရဲ့ ပရိသတ်တွေက ဂျာမိန်း ဒီဖိုးကို အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး အဖြစ် သတ်မှတ်ထားကြသလို ဒီဖိုးကလည်း အခုချိန်အထိ စပါးကို အားပေးနေဆဲ ဖြစ်ပါတယ်။

စပါးနဲ့ ဂျာမိန်း ဒီဖိုးတို့ရဲ့ ဇာတ်လမ်းက အတော်လေးကို လှပခဲ့ပေမယ့် ၂၀၀၈ခုနှစ်မှာ စပါးက ဒီဖိုးကို ပို့စ်မောက်ဆီ ပြောင်းရွှေ့ကြေး ယူရို ၉.၃သန်းနဲ့ ရောင်းချခဲ့စဉ်မှာ တရားမဝင်အေးဂျင့် တခုကို အသုံးပြုကာ အပြောင်းအရွှေ့ကို လုပ်ဆောင်ခဲ့တာကြောင့် အခုချိန်မှာ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Timesရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်က တရားမဝင်အေးဂျင့်တွေကို အသုံးပြုပြီး အပြောင်းအရွှေ့တွေ လုပ်ဆောင်မှုကို လိုက်လံ စုံစမ်းချိန်မှာ စပါးက ဒီဖိုးကို ပို့စ်မောက်ဆီ ရောင်းချခဲ့ချိန်မှာ တရားမဝင်အေးဂျင့်ကို အသုံးပြုခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့တာကြောင့် စပါးကို တရားမဝင်အေးဂျင့် အသုံးပြုမှုနဲ့ စွဲချက်တင်ကာ အရေးယူဖို့ သက်သေတွေ လိုက်လံ စုဆောင်းနေကြောင်း သိရပါတယ်။

ဒါ့အပြင် စပါးက ဒီဖိုးကို ပို့စ်မောက်ဆီ ရောင်းချခဲ့တဲ့ ၂၀၀၈ခုနှစ်မှာပဲ လူတန်တောင်းက တရားမဝင်အေးဂျင့်ကို အသုံးပြုကာ အပြောင်းအရွှေ့ကို လုပ်မိခဲ့တာကြောင့် ရမှတ် ၁၀မှတ်လျှော့ ပြစ်ဒဏ်ကို ကျခံခဲ့ရပြီး ယခုချိန်မှာ ပရီးမီးယားလိဂ်က စပါးမှာသာ အပြစ်ရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့မယ် ဆိုရင် စပါးကို ရမှတ်လျှော့ပြစ်ဒဏ် ချမှတ်လိမ့်မယ်လို့လည်း Timesက ဆိုပါတယ်။