အင်္ဂလန် ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းဟာ အီတလီအသင်းနဲ့ ပူပူနွေးနွေး ယူရိုချန်ပီယံ ဖြစ်ထားတဲ့ နာပိုလီအသင်းရဲ့ တိုက်စစ် ကစားသမား အင်ဆစ်ဂ်နီကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားပါတယ်။

အသက် ၃၀အရွယ် အီတလီ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အင်ဆစ်ဂ်နီဟာ နာပိုလီအသင်းရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်သလို အသင်း ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦးလည်း ဖြစ်ပေမယ့် ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းပြောင်းဖို့ စဉ်းစားနေသူပါ။

Photo Credit: ESPN

လက်ရှိမှာတော့ နာပိုလီအသင်းရဲ့ နည်းပြဟောင်း ဆာရီ ကိုင်တွယ်နေတဲ့ လာဇီယိုအသင်းဟာ အင်ဆစ်ဂ်နီကို ခေါ်ယူဖို့ ကြိုးစားနေပြီး နာပိုလီအသင်းကလည်း သူတို့လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို ရရှိပါက အင်ဆစ်ဂ်နီကို ရောင်းထုတ်ဖို့ အဆင်သင့် ရှိနေပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် ဖြစ်သူ ပါဂါနီနီကလည်း လာဇီယိုအသင်းဟာ အင်ဆစ်ဂ်နီကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်းကို အတည်ပြု သွားခဲ့ပါတယ်။ ပါဂါနီနီက – “အီတလီမှာတော့ လာဇီယိုအသင်းက အင်ဆစ်ဂ်နီကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဆာရီက အင်ဆစ်ဂ်နီ ၊ အင်မိုဘိုင်းလီ ၊ အန်ဒါဆန်တို့ အတွဲကို သုံးချင်နေတာပါ” လို့ ပြောကြားထားတာပါ။

Photo Credit: ESPN

ဆက်လက်ပြီး ပါဂါနီနီက လာဇီယိုအသင်းအပြင် စပါးအသင်းကလည်း အင်ဆစ်ဂ်နီကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ပြီး စပါးအသင်းဟာ အင်ဆစ်ဂ်နီအတွက် ချိတ်ဆက်မှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

နာပိုလီအသင်း ကတော့ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ အင်ဆစ်ဂ်နီ ၊ ကူလီဘလီ စတဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ စဉ်းစားထားပြီး အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ အင်ဆစ်ဂ်နီကို ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် ရရှိရင် ရောင်းချဖို့ ရှိပါတယ်။