ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက အသက်အရွယ် ရလာတဲ့ သူတို့အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဟူဂို လော်ရစ်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် အက်သလက်တီကို မက်ဒရစ်နဲ့ အနာဂတ် မရေရာတဲ့ ဂိုးသမား အော့ဘလက်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

စပါးက ပြင်သစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဂိုးသမား ဖြစ်သူ ဟူဂို လော်ရစ်ကို ပိုင်ဆိုင်ထားပေမယ့် အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ လော်ရစ်က အကျပိုင်းကို ရောက်လာတာကြောင့် လော်ရစ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း ဂိုးသမား တဦးကို ရှာဖွေနေပါတယ်။

Photo Credit: Football London

တဖက်မှာတော့ အသက် ၂၉နှစ် အရွယ် ဆလိုဗေးနီးယား လက်ရွေးစင် ဂိုးသမား အော့ဘလက်က ဘင်ဖီကာ ကနေ အက်သလက်တီကို မက်ဒရစ်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို သိမ်းပိုက်ထားနိုင်သလို သူ့ရဲ့ လက်စွမ်းတွေကြောင့် လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမား ၃ဦး စာရင်းထဲ ဝင်ရောက် ထားနိုင်ပေမယ့် သူ့ရဲ့ ကစားသမား ဘဝ အတွက် အက်သလက်တီကို မက်ဒရစ်ကနေ ထွက်ခွာဖို့ စဉ်းစားနေသူပါ။

အော့ဘလက်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်သက်တမ်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပြီး အက်သလက်တီကို မက်ဒရစ်က အော့ဘလက်ကို စာချုပ်သစ် ချုပ်ဖို့ ကြိုးစားနေပေမယ့် အော့ဘလက်ကတော့ အက်သလက်တီကို မက်ဒရစ် ကနေ ထွက်ခွာကာ ထိပ်တန်းအသင်းကြီး တသင်းဆီ ပြောင်းရွှေ့ဖို့သာ စိတ်အားထက်သန်နေပါတယ်။

Photo Credit: Football London

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးက အော့ဘလက်ကို ခေါ်ယူဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ အပြိုင် စိတ်ဝင်စားနေပြီး စပါးဟာ မန်ချက်စတာ ယူနိုက်တက်ကို အသာစီး ရကာ အော့ဘလက်ကို ခေါ်ယူနိုင်ဖို့ အော့ဘလက်ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ရာသီကုန် အထိ မစောင့်ဆိုင်းတော့ပဲ အော့ဘလက်ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာတင် ခေါ်ယူဖို့ ကြိုးစားလာနိုင်ကြောင်း သိရပါတယ်။

ဒါပေမယ့် အက်သလက်တီကို မက်ဒရစ်က အော့ဘလက်ကို လက်လွှတ်လိုက်ရရင် သူတို့ရဲ့ ဂိုးသမားဟောင်းလည်းဖြစ် ၊ လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ အနာဂတ်လည်း မရေရာတဲ့ ဒေးဗစ် ဒီဂီယာကို ပြန်လည် ခေါ်ယူချင်နေတာကြောင့် ဒီဂီယာကို ပိုင်ဆိုင်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ အော့ဘလက်ကို ခေါ်ယူနိုင်ဖို့ စပါးထက် ပိုမို အခွင့်အလမ်း သာနေပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ဟာ ဒီဂီယာနဲ့ အော့ဘလက်ကို တိုက်ရိုက် အလဲအထပ်တောင် လုပ်နိုင်ချေတွေ ရှိကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။