ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းဟာ ပြင်သစ် လီဂူးကလပ် မက်စ်အသင်းရဲ့ တက်သစ်စ လူငယ် ကွင်းလယ်ကြယ်ပွင့် ကစားသမား ဖြစ်သူ ဆားလ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ မက်စ်အသင်းရဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ပါပေ မာတာ ဆားလ်ဟာ ပြင်သစ်လီဂူးရဲ့ တောက်ပလာမယ့် ကြယ်ပွင့် ကစားသမားတွေထဲက တဦး ဖြစ်ပြီး လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီး ၊ မန်ချက်စတာ စီးတီး ၊ စပါး စတဲ့ အသင်းတွေက ချိတ်ဆက်မှုတွေ ပြုလုပ်ထားကြပါတယ်။

Photo Credit: Express

မက်စ်အသင်းဟာ အသင်းရဲ့ ဘဏ္ဍာရေး အခက်အခဲကြောင့် ယခုနှစ် နွေအပြောင်းအရွှေ့မှာပဲ ဆားလ်ကို ရောင်းထုတ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး မက်စ်အသင်းရဲ့ ဥက္ကဌ ကိုယ်တိုင်က အင်္ဂလန်နိုင်ငံကို လာရောက်ကာ မန်စီးတီး ၊ ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဆားလ်ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးမှုတွေ ပြုလုပ်အပြီးမှာ စပါးအသင်းဟာ ဆားလ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်လာပြီး မန်စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ကတော့ ဆားလ်ကို ခေါ်ယူချင်ပေမယ့် မက်စ်အသင်းက ဆားလ်အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးဟာ များပြားလွန်းတယ်လို့ ယူဆနေကြပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ စပါးအသင်းဟာ ဆားလ်အတွက် ယူရို ၁၃သန်းတန် ကမ်းလှမ်းမှု တခု ပြုလုပ်ထားပြီး မက်စ်အသင်းကလည်း အဆိုပါ ကမ်းလှမ်းမှုကို လက်ခံဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

ဒါပေမယ့် မက်စ်အသင်းရဲ့ ဥက္ကဌနဲ့ စပါးအသင်းတို့ရဲ့ တာဝန်ရှိသူတွေ ကြားမှာ ဆားလ်ကို မက်စ်အသင်းထံ ပြန်လည် အငှားချမလား ၊ ဒါမှမဟုတ် အသင်းထံ တခါထဲ ခေါ်ယူမလား ဆိုတာကို ဆွေးနွေးရဖို့ ရှိနေသေးပြီး မက်စ်အသင်းကတော့ ဆားလ်ကို နောက်ထပ် ၂ရာသီခန့် အငှားနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။