ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းဟာ စီးရီးအေကလပ် အတ္တလန်တာရဲ့ အာဂျင်တီးနား လက်ရွေးစင် ခံစစ်မှူး ရိုမဲရိုကို ခေါ်ယူနိုင်ဖို့ ခြေတလှမ်းသာ လိုအပ်တော့ကြောင်း နာမည်ကြီး သတင်းဌာနတွေ အားလုံးက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

စပါးအသင်းဟာ အိုမင်းနေတဲ့ အသင်းရဲ့ ခံစစ်ကြောင်းကို ပြန်လည် ပြုပြင်ဖို့ အတွက် စီးရီးအေမှသာမက နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာပါ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ရိုမဲရိုကို အသင်းရဲ့ နွေရာသီ ထိပ်သီး ပစ်မှတ် ကစားသမားအဖြစ် သတ်မှတ်ထားတာပါ။

Photo Credit: Daily Mail

အသက် ၂၃နှစ် အရွယ် ညာခြေအားသန် နောက်ခံလူ ရိုမဲရိုဟာ အရပ်အမောင်း မြင့်မားသလို လျင်မြန်မှုလည်း ရှိတာကြောင့် စပါးအသင်းဟာ သူ့ကို အနာဂတ်မှာ အသင်းရဲ့ အဓိက နောက်ခံလူ ဖြစ်လာလိမ့်မယ်လို့ ရှုမြင်နေပြီး သူ့ကို ခေါ်ယူဖို့ အချိန်တလနီးပါးခန့် အတ္တလန်တာအသင်းနဲ့ ဆွေးနွေးခဲ့ပါတယ်။

လက်ရှိမှာတော့ ဆွေးနွေးမှုတွေ အားလုံးဟာ အပေါင်းလက္ခဏာ ဆောင်နေသလို ရိုမဲရိုကလည်း သူဟာ ယခုနှစ် နွေဈေးကွက်အတွင်းမှာပဲ စပါးအသင်းထံ ပြောင်းရွှေ့ချင်ကြောင်း အတ္တလန်တာ အသင်းထံ အသိပေးခဲ့တာကြောင့် မကြာခင်မှာပဲ သူ့ရဲ့ အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာဖွယ် ရှိနေပါတယ်။

Photo Credit: Daily Mail

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း စပါးအသင်းဟာ အတ္တလန်တာအသင်းကို ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် ပေးချေကာ ရိုမဲရိုကို ခေါ်ယူနိုင်တော့မှာ ဖြစ်ကြောင်း ပြောကြားထားပြီး သူ့ရဲ့ ပြောကြားမှုအရ စပါးအသင်းဟာ ရိုမဲရိုကို ၂၀၂၆ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားကြောင်း သိရပါတယ်။

တဖက်မှာတော့ စပါးအသင်းရဲ့ နောက်ခံလူ ဆန်းချက်ဟာ အသင်းပြောင်းဖို့ စီစဉ်နေပြီး အင်္ဂလန်နိုင်ငံ ပြင်ပ အသင်းတချို့နဲ့ ဆွေးနွေးမှုတွေ စတင်နေကာ စပါးအသင်းဟာ ဆန်းချက်ကို ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ဝန်းကျင်နဲ့ ရောင်းချချင်နေပါတယ်။