ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးက သူတို့အသင်းရဲ့ တောင်ပံတိုက်စစ် နေရာကို အားဖြည့်ဖို့ အတွက် အဲဗာတန်ရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ရစ်ချာလီဆန်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

စပါးက ယခုနှစ် နွေဈေးကွက် အတွင်းမှာ ပါရီဆစ် ၊ ဖော်စတာနဲ့ ဘစ်ဆူးမားတို့ကို ခေါ်ယူထားနိုင်ပေမယ့် သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အင်အားကို တိုးချဲ့ဖို့ အတွက် ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား တဦးကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး အဲဗာတန် တောင်ပံတိုက်စစ် ကစားသမား ရစ်ချာလီဆန်ဟာ သူတို့ရဲ့ အဓိက ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရစ်ချာလီဆန်က အဲဗာတန်နဲ့အတူ သူဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမားတွေထဲက တဦး ဖြစ်ကြောင်း သက်သေပြထားနိုင်သူ ဖြစ်ကာ သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဲဗာတန်အတွက် ပြိုင်ပွဲစုံ ၃၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ စပါးနည်းပြ ကွန်တီက တိုက်စစ်ပိုင်း အင်အားကို တိုးချဲ့နိုင်ဖို့ အတွက် ရစ်ချာလီဆန်ကို အမိအရ ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားပြီး လက်ရှိမှာတော့ စပါးက အဲဗာတန်နဲ့ တရားဝင် ချိတ်ဆက်ကာ ရစ်ချာလီဆန်ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးက အဲဗာတန် ကစားသမားတွေ ဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ ဂေါ်ဒန်တို့ အတွက် စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၈၅သန်းနဲ့ ကမ်းလှမ်းထားပြီး အဲဗာတန်ကတော့ ရစ်ချာလီဆန် တဦးထဲကိုသာ ရောင်းချချင်နေကာ ရစ်ချာလီဆန် အတွက် ပေါင် ၆၀သန်း လိုချင်နေကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း စပါးနဲ့ အဲဗာတန်တို့ရဲ့ ကြားမှာ ရစ်ချာလီဆန် အတွက် တရားဝင် ဆွေးနွေးနေကြောင်း အတည်ပြုပေးထားပြီး ဆွေးနွေးမှုတွေက အပေါင်းလက္ခဏာ ဆောင်နေတာကြောင့် မကြာခင်မှာပဲ အပြောင်းအရွှေ့ ပြီးပြတ်ဖွယ် ရှိကြောင်း ဆိုထားပါတယ်။