ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးဟာ အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ကူလူဆက်စကီးကို ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားခဲ့ပါတယ်။
အသက် ၂၁နှစ် အရွယ် ဆွီဒင် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ကူလူဆက်စကီးဟာ ၂၀၂၀ခုနှစ်ကမှ ပါးမားကနေ ဂျူဗင်တပ်ထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ဂျူဗင်တပ်အတွက် ပြိုင်ပွဲစုံမှာ ၇၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
Photo Credit: Sky Sports
ကူလူဆက်စကီးဟာ ကွင်းလယ်တိုက်စစ် ၊ တောင်ပံတိုက်စစ်နဲ့ နောက်ချန် တိုက်စစ်မှူးနေရာတွေမှာ အံဝင်အောင် ကစားနိုင်သူ တဦး ဖြစ်ပြီး အဆုံးသတ် သေချာတဲ့ ကစားသမားလည်း ဖြစ်တာကြောင့် စပါးက အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ အလီ ၊ ဘာ့ချ်ဝင့်ခ် ၊ ဘရိုင်ယန်ဂေးလ် ၊ လိုဆယ်ဆိုတို့ရဲ့ နေရာအားလုံး အတွက် အစားထိုးမှု အဖြစ် ကူလူဆက်စကီးကို ခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။
ကူလူဆက်စကီးကလည်း ဂျူဗင်တပ်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတာကြောင့် သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရနိုင်မယ့် စပါးထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားကြောင်း နီးစပ်သူတွေက ဆိုပါတယ်။
Photo Credit: Sky Sports
နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဇန်နဝါရီ အပြောင်းအရွှေ့ ပိတ်ဖို့ ၁ရက်သာ လိုအပ်တော့ချိန်မှာ စပါးက ကူလူဆက်စကီးကို ရာသီဝက်အငှား + ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း + ၂သန်းနဲ့ မဖြစ်မနေ ခေါ်ယူပါ့မယ် ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ ဂျူဗင်တပ်ထံ ကမ်းလှမ်းခဲ့ပြီး ဂျူဗင်တပ်ကလည်း စပါးရဲ့ ကမ်းလှမ်းမှုကို နှုတ်အားဖြင့် လက်ခံထားကြောင်း သိရပါတယ်။
လက်ရှိမှာတော့ စပါးနဲ့ ဂျူဗင်တပ်တို့ဟာ ကူလူဆက်စကီးရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ စာရွက်စာတမ်း ကိစ္စတွေ လုပ်ဆောင်နေပြီး ကူလူဆက်စကီး ကတော့ စပါးအသင်း အခြေစိုက်ရာ လန်ဒန်မြို့ကို သွားရောက်ဖို့ ပြင်ဆင်နေပါပြီ။