ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးဟာ ပြင်သစ်ကလပ် အန်းဂါးစ်နဲ့အတူ တောက်ပနေတဲ့ ပြင်သစ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အလီချိုကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေနဲ့ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။
အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အန်းဂါးစ် လူငယ်ကြယ်ပွင့် မိုဟာမက် အလီချိုဟာ အနာဂတ်မှာ တောက်ပလာနိုင်တဲ့ ပြင်သစ် လူငယ်ကစားသမားတွေထဲက တဦး အဖြစ် ပြင်သစ် သတင်းထောက်တွေရဲ့ ချီးကျူးမှုကို ခံထားရသူလည်း ဖြစ်ပါတယ်။
Photo Credit: Standard
အလီချိုဟာ ယခုနှစ် ဘောလုံးရာသီမှာ အန်းဂါးစ်အတွက် လီဂူးဝမ်းပြိုင်ပွဲမှာ ၁၁၉၀မိနစ် ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ပြီး သူ့ရဲ့ အလိမ်အခေါက်နဲ့ အကွက်မြင်တဲ့ ဖန်တီးမှုတွေက အန်းဂါးစ်တိုက်စစ်ပိုင်း အတွက် အရေးပါတဲ့ အသက်သွေးကြောတွေပါ။
လက်ရှိမှာတော့ အလီချိုကို ခေါ်ယူဖို့ ဥရောပ အသင်းကြီး တချို့က စတင် စောင့်ကြည့်လာကြပြီး စပါးကတော့ အလီချိုကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်ထားသလို အလီချိုရဲ့ အေးဂျင့်အပြင် အန်းဂါးစ်နဲ့ပါ စကားပြောဆိုမှုတွေ ရှိထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက အခိုင်အမာ ဆိုပါတယ်။
Photo Credit: Standard
စပါးဟာ အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ဘာ့ချ်ဝင့်ကို အေဂျက်ထံ ရောင်းချဖို့ နီးစပ်နေသလို စပိန်လူငယ်ကြယ်ပွင့် ဘရိုင်ယန်ဂေးလ်ကိုလည်း ဗလင်စီယာထံ အငှားချဖို့ စဉ်းစားနေတာကြောင့် တိုးအားရုန်းအား ကောင်းမွန်တဲ့ လူငယ်ကြယ်ပွင့် တဦးကို ရှာဖွေနေတာ ဖြစ်ပြီး အလီချိုက ကွန်တီရဲ့ စိတ်ကြိုက် ကစားသမားတွေထဲက တဦး ဖြစ်ကြောင်းလည်း စပါးနဲ့ နီးစပ်သူတွေက ပြောကြားထားပါတယ်။
စပါးဟာ အလီချိုကို ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်ထားပြီး အလီချိုအတွက် အန်းဂါးစ်ထံ စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ကနေ ၁၇သန်းကြား ပေးချေရဖွယ် ရှိပါတယ်။