ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက သူတို့အသင်းရဲ့ အရန်အင်အား အတွက် အားဖြည့်မှု တရပ်အနေနဲ့ ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းရဲ့ လူငယ် ဗဟိုနောက်ခံလူ အက်ရှလေ ဖီးလစ်အား ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် ယူ-၁၇ လက်ရွေးစင် လူငယ်ကြယ်ပွင့် အက်ရှလေ ဖီးလစ်က ဘလက်ဘန်းရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ခံစစ်မှူး တဦး ဖြစ်ပြီး သူ့ရဲ့ တောင့်တင်း ကြံ့ခိုင်လှတဲ့ ခန္ဓာကိုယ်နဲ့ ပြိုင်ဘက် တိုက်စစ်မှူးတွေကို ဖိအားပေး ကစားတတ်တဲ့ ကစားပုံတို့ကြောင့် အနာဂတ်မှာ တောက်ပလာမယ့် လူငယ် ဗဟိုခံစစ်မှူး အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ စပါးအပါအဝင် ပရီးမီးယားလိဂ် ကလပ်တချို့က အက်ရှလေ ဖီးလစ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီး အင်္ဂလန် လူငယ်ကြယ်ပွင့်တွေကို ခေါ်ယူရာမှာ လက်သွက်တတ်တဲ့ စပါးကပဲ ဒီတကြိမ်မှာလည်း အက်ရှလေ ဖီးလစ်ကို ခေါ်ယူသွားနိုင်ဖို့ နီးစပ်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးက အက်ရှလေ ဖီးလစ်ကို ခေါ်ယူနိုင်ဖို့ လက်တကမ်းအလိုကို ရောက်ရှိနေကာ မကြာခင်မှာပဲ အက်ရှလေ ဖီးလစ်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ရှိနေပြီး စပါးက အက်ရှလေ ဖီးလစ်ကို အသင်းဆီ တခါထဲ ခေါ်မလား ၊ ဒါမှမဟုတ် ဘလက်ဘန်းထံ တရာသီ ထပ်မံ အငှားချမလား ဆိုတာကို မသိရှိရသေးကြောင်း သိရပါတယ်။

Photo Credit: The Sun

အက်ရှလေ ဖီးလစ်က ဘလက်ဘန်းနဲ့ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန် အထိသာ စာချုပ်သက်တမ်း ကျန်ရှိတော့တာကြောင့် စပါးက သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂သန်းနဲ့ ၃သန်း ဝန်းကျင်သာ သုံးစွဲရဖွယ် ရှိနေပါတယ်။