နာမည်ကြီး ပေါ်တူဂီလူမျိုး နည်းပြ မော်ရင်ဟိုနဲ့ လမ်းခွဲပြီးနောက် အမြဲတမ်းနည်းပြနေရာ လစ်လပ်နေတဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် စပါးအသင်းဟာ ရိုးမားအသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲထားတဲ့ ဖွန်ဆီကာကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ ဆွေးနွေးနေကြောင်း စပါးအသင်းနဲ့ နီးစပ်သူတွေက အတည်ပြု သွားခဲ့ပါတယ်။ အသက် ၄၈နှစ် အရွယ် ပေါ်တူဂီလူမျိုး နည်းပြဖြစ်သူ ဖွန်ဆီကာဟာ ယခုနှစ် ဘောလုံးရာသီမှာ ရိုးမားအသင်းကို ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့် အထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် အီတလီ စီးရီးအေပြိုင်ပွဲမှာတော့ အသင်း ဘုတ်အဖွဲ့ လိုချင်တဲ့ နေရာတနေရာကို ရအောင် မယူပေးနိုင်ခဲ့တာကြောင့် ယခုနှစ် စီးရီးအေပြိုင်ပွဲ ပြီးဆုံးတဲ့ အချိန်မှာပဲ တနိုင်ငံထဲသား နည်းပြဖြစ်သူ မော်ရင်ဟိုနဲ့ အစားထိုး ခံခဲ့ရသူပါ။

Photo Credit: Daily Mail

စပါးအသင်း ကတော့ ဥရောပ စူပါလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သတ်ပြီး အသင်းရဲ့ ဥက္ကဌ လီဗိုင်းနဲ့ မော်ရင်ဟိုတို့ကြားမှာ အကြီးအကျယ် သဘောထား ကွဲလွဲမှုတွေ ဖြစ်ခဲ့တာကြောင့် ကာရာဘောင်းဖလား ဗိုလ်လုပွဲစဉ် မတိုင်မီ တပတ်အလိုမှာပဲ နည်းပြ မော်ရင်ဟိုနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပြီး အသင်းရဲ့ လူငယ်အသင်း နည်းပြမေဆန်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပေမယ့် မေဆန်ရဲ့ လက်အောက်မှာ စပါးအသင်းက ပိုမို ရုန်းကန်ခဲ့ရတာကြောင့် အမြဲတမ်းနည်းပြ အဖြစ် တာဝန်ထမ်းဆောင်နိုင်တဲ့ နည်းပြသစ် တဦးကို ရှာဖွေနေပါတယ်။ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ စပါးအသင်းဟာ အင်တာမီလန် အသင်းရဲ့ နည်းပြဟောင်း ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် လက်ရှိမှာ ဖွန်ဆီကာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။

Photo Credit: Daily Mail

စပါးအသင်းရဲ့ ဖွန်ဆီကာကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေတဲ့ သတင်းတွေကို နာမည်ကြီး သတင်းထောက်တွေ ဖြစ်ကြတဲ့ ဖာဘရီဇီယို ရိုမာနိုနဲ့ ဒီမာဇီယိုတို့က အတည်ပြုပေးထားသလို ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ စပါးအသင်းဟာ ဖွန်ဆီကာကို ၃နှစ်သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ဥရောပ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနကလည်း ဖွန်ဆီကာနဲ့ စပါးအသင်းတို့ကြားမှာ ချိတ်ဆက်မှုတွေ ရှိနေကြောင်း ယနေ့မနက် အစောပိုင်းမှာ ဖော်ပြခဲ့တာကြောင့် ဖွန်ဆီကာကို မကြာခင်မှာပဲ စပါးအသင်းရဲ့ နည်းပြသစ် အဖြစ် မြင်တွေ့ရဖွယ် ရှိနေပါတယ်။