ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းဟာ သူတို့အသင်းရဲ့ မြို့ခံပြိုင်ဘက် ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နွေရာသီ ပစ်မှတ် ကစားသမားတဦး ဖြစ်သူ အေဂျက်အသင်းရဲ့ ဂိုးသမား အိုနာနာကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ စတင် လုပ်ဆောင်နေပါတယ်။ အသက် ၂၅နှစ် အရွယ် ကင်မရွန်း လက်ရွေးစင် ဂိုးသမားဖြစ်သူ အိုနာနာဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ တားမြစ်ဆေး သုံးစွဲကြောင်း စစ်ဆေး တွေ့ရှိတာကြောင့် ဥရောပ ဘောလုံးအဖွဲ့ချုပ် ဖြစ်တဲ့ UEFAဟာ အိုနာနာကို ဘောလုံးလောကနဲ့ သက်ဆိုင်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခြင်းမှ ၁နှစ် အထိ ပိတ်ပင်တားမြစ်ခဲ့ပြီး အဆိုပါ ပြစ်ဒဏ်ကြောင့် အိုနာနာဟာ အေဂျက်အသင်းနဲ့ ပွဲကစားခွင့်တွေကို မရတော့သလို အသင်းနဲ့အတူ လေ့ကျင့်ခွင့်ကိုပါ မရခဲ့ပါဘူး။

Photo Credit: Football London

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ အိုနာနာဟာ သူ့ရဲ့ ပြစ်ဒဏ်နဲ့ ပတ်သတ်ပြီး အပြည်ပြည်ဆိုင်ရာ အားကစားခုံရုံးဆီ အယူခံဝင်ခဲ့ကာ သူ့အနေနဲ့ တားမြစ်ဆေး သုံးစွဲခဲ့မှု ဖြစ်စဉ်ကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့တာ မဟုတ်ပဲ သူ့မိန်းမရဲ့ ဆေးဝါးတချို့ကို သောက်သုံးမိရာကနေ အခုလို တားမြစ်ဆေး စစ်ဆေးမှုမှာ ကျရှုံးခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့ပြီး သူ့ရဲ့ ရှင်းပြမှုနဲ့ သူ တင်သွင်းတဲ့ သက်သေခံပစ္စည်းတွေဟာ ခိုင်လုံနေတာကြောင့် အပြည်ပြည်ဆိုင်ရာ အားကစားခုံရုံးက အိုနာနာရဲ့ ပြစ်ဒဏ်ကို ၉လအထိ လျှော့ချပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ အိုနာနာဟာ လာမယ့် စက်တင်ဘာလမှာ သူ့ရဲ့ အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မှာ ဖြစ်သလို လာမယ့် နိုဝင်ဘာလမှာတော့ ပွဲကစားခွင့် ပြန်လည် ရရှိတော့မှာပါ။

Photo Credit: Football London

သူ့ရဲ့ ပွဲပယ်ပြစ်ဒဏ်နဲ့ ပတ်သတ်ပြီး အယူခံ အောင်မြင်ခဲ့ပြီးနောက် အိုနာနာကို ခေါ်ယူဖို့ ကြိုးစားလာတဲ့ အသင်းတွေ များပြားလာကာ အဆိုပါအသင်းတွေ အနက် အိုနာနာကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ဖြစ်နေတဲ့ အာဆင်နယ်အသင်းရဲ့ မြို့ခံပြိုင်ဘက် စပါးအသင်းလည်း ပါဝင်လာကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goalက ဖော်ပြခဲ့ပါတယ်။ အိုနာနာဟာ အေဂျက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တာကြောင့် သူ့ကို ပြောင်းရွှေ့ကြေး ပေါင် ၇သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ့် အချက်ဟာ အသင်းရဲ့ ဝါရင့် ပြင်သစ် လက်ရွေးစင် ဂိုးသမား ဖြစ်သူ လိုရစ်ရဲ့ နေရာအတွက် အစားထိုး ဂိုးသမား တဦးကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ စပါးအသင်းရဲ့ ဥက္ကဌ လီဗိုင်းကို မျက်စိကျစေပြီး စပါးအသင်းနဲ့ အေဂျက်အသင်း ကြားမှာ ကစားသမား ခေါ်ယူမှုတွေ များစွာ ပြုလုပ်ဖူးတာကြောင့် အိုနာနာဟာ စပါးအသင်းထံ ရောက်ရှိဖို့ အလားအလာ များနေကြောင်း စပါးအသင်းနဲ့ နီးစပ်သူတွေက ပြောကြားထားပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်း ကတော့ အိုနာနာကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်း အဖြစ် ဆက်လက် ရှိနေဆဲပါ။