တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ ဥက္ကဌဖြစ်သူ ဒန်နီရယ် လီဗီက သူတို့အသင်းအနေနဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ဘိုင်ယန်မြူးနစ်အသင်းဆီ ရောင်းချခဲ့စဉ်တုန်းက buy back clause ဆိုတဲ့ ပြန်လည် ခေါ်ယူနိုင်တဲ့ အချက်ကို စာချုပ်ထဲမှာ ထည့်သွင်းခဲ့တယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။
အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အခု နွေရာသီမှာ စပါးအသင်းကနေ ဘိုင်ယန်အသင်းဆီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို သန်း (၁၁၀)နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ ဖြစ်ခဲ့စဉ်တုန်းက ဒီလို buy back clause ပါဝင်နေမှန်းတောင် မဖော်ပြထားခဲ့ပါဘူး။
Photo Credit : FCBayern
“ကျွန်တော်တို့ ဟယ်ရီကိန်းအတွက် buy back အချက်ကို ထည့်သွင်းထားခဲ့ပါတယ်။ အသင်းအပေါ် သူ လုပ်ပေးခဲ့သမျှ အရာအားလုံးအတွက် ဟယ်ရီ့ကို ကျေးဇူးတင်မိပါတယ်။ သူ ပြန်လာတာကိုလည်း အမြဲတမ်း ကြိုဆိုနေပါတယ်။”
“ဟယ်ရီကိန်းက စပါးမိသားစုရဲ့ ချစ်ခင် တန်ဖိုးထားရတဲ့ အသင်းဝင်ဖြစ်ပြီးတော့ ကျွန်တော်တို့ အသင်း သမိုင်းမှာလည်း ထာဝရ တည်ရှိနေမယ့် သူပါ။” လို့ စပါး ဥက္ကဌ လီဗီက ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Tribuna
အသက် (၃၀)အရွယ်ရှိ အင်္ဂလန် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ကစားသမားဘဝတစ်လျှောက်လုံး စပါးအသင်းမှာပဲ ကျင်လည်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်းထိ ချန်ပီယံလိဂ် ဖိုင်နယ်ဆီ တစ်ကြိမ် နဲ့ လိဂ်ဖလား ဖိုင်နယ်ဆီ (၂)ကြိမ် တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း ဆုဖလား ပိုင်ဆိုင်နိုင်ခြင်းတော့ မရရှိခဲ့ပါဘူး။
ဒါကြောင့်လည်း ဟယ်ရီကိန်းက ဒီနွေမှာ စပါးအသင်းကို စွန့်ခွာခဲ့တာဖြစ်ပြီး ဆုဖလားတွေအတွက် အာမခံချက်ကောင်းတဲ့ ဘိုင်ယန်မြူးနစ်လို အသင်းကြီး တစ်သင်းဆီသာ ပြောင်းရွှေ့လာခဲ့ပါတယ်။ အခုဆိုရင်တော့ ဟယ်ရီကိန်းက ဘိုင်ယန်အတွက် (၅)ပွဲကစား (၄)ဂိုး သွင်းယူထားသလို ဒီညမှာလည်း မန်ယူနိုက်တက်နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်ကို ဆင်နွဲသွားရပါမယ်။