တော့တင်ဟမ် ဟော့စပါး အသင်းကတော့ မနေ့ညက ဘန်လေ အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အဝေးကွင်းမှာ အနိုင်ယူခဲ့ပြီးတော့ ရမှတ်ပြည့် စုဆောင်းသွားနိုင်ခဲ့ပါတယ်။ ထိုပွဲမှာ သွင်းယူခဲ့တဲ့ ဆွန်ဟောင်မင် ရဲ့ တစ်လုံးတည်းသော ဂိုးကို ဖန်တီးပေးခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ ပွဲ အပြီးမှာ ၂၀၂၀-၂၁ ရာသီမှာ အသင်းအနေနဲ့ ထူးခြားတာ တစ်ခုခု လုပ်ပြနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ပထမပိုင်းမှာ သရေသာ ကစားနိုင်ခဲ့ပြီးတော့ ဒုတိယပိုင်း ပွဲကစားချိန် ၇၆ မိနစ် အရောက်မှ ဟယ်ရီကိန်းခေါင်းတိုက်ချပေးလိုက်တဲ့ ဘောလုံးကို ဆွန်ဟောင်မင်းက ခေါင်းနဲ့ ထပ်ဆင့်တိုက်ပြီး အနိုင်ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Express

ထိုဂိုးကြောင့် ဆွန်ဟောင်မင်ကလည်း ပရီးမီးယားလိဂ်မှာ ၈ဂိုးအထိ သွင်းယူထားပြီး သွင်းဂိုး အများဆုံး ကစားသမားစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်ထားပါတယ်။ ဟယ်ရီကိန်းကတော့ ၅ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၈ ကြိမ်နဲ့ ဂိုးဖန်တီးမှု အများဆုံးနေရာမှာ ဦးဆောင်ထားပါတယ်။ ‌ဒါကြောင့် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ယခု ရာသီမှာ အသင်းအတွက် သွင်းဂိုး ၁၃ ဂိုးမှာ ပတ်သက်ထားတယ်လို့ ဆိုရပါမယ်။ စပါး အသင်းဟာ အခုချိန်မှာ ၆ ပွဲ ကစား ရမှတ် ၁၁ မှတ်နဲ့ အဲဗာတန် နဲ့ လီဗာပူးတို့နောက် ကနေ ၂ မှတ် အကွာနဲ့ လိုက်လံ ဖိအားပေးနေတာ ဖြစ်ပါတယ်။ ကိန်း ကတော့ ဒီပုံစံ အတိုင်းသာ ဆက်ထိန်းထားနိုင်မယ် ဆိုရင် မော်ရင်ဟိုရဲ့ နည်းဗျူဟာ‌တွေကြောင့် ယခုရာသီမှာ နေရာကောင်း တစ်နေရာကို ရောက်လိမ့်မယ်လို့ ခံစားရတယ်လို့ ဆိုလိုက်ပါတယ်။

Photo Credit: Express

“ ကျွန်တော်တို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့တဲ့ နေရာကို ရောက်တော့မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အသင်းသား‌တွေ အကုန်လုံးက ၄ နှစ် ၅ နှစ်လောက် အတူရှိခဲ့ကြတာပါ။ ဒီနှစ်ကတော့ တကယ်ကို ကောင်းတဲ့ နှစ်တစ်နှစ်ပါ။ ကျွန်တော်တို့ အားလုံး အတွေ့ အကြုံအများကြီး ရှိကြပါတယ်။ ကျွန်တော်တို့ ရရှိထားတဲ့ အသင်းနဲ့ ကစားသမားတွေနဲ့ ထူးခြားတာ တစ်ခုခု လုပ်ပြနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ခင်ဗျား အနေနဲ့ ဒီလို နေရာကို ရောက်ချင်ရင် ရမှတ်တိုင်း၊ ရလဒ်တိုင်း အတွက် အစွမ်းကုန် ကြိုးစားရမယ်ဆိုတာ သေချာပါတယ်။ ဒါက ရာသီ အစပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ အနေနဲ့ ပွဲတွေ အများကြီး ကစားစရာရှိသေးတယ်။ ဒါက ပြောနေကျ စကားမျိုးဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီထက် ပိုသင်ယူပြီး ပုံစံကောင်းပြဖို့ လိုနေသေးတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ခက်ခဲတဲ့ အချိန်တွေကပဲ ကျွန်တော်တို့ကို ယုံကြည်မှုတွေ အများကြီး ပေးမယ်လို့ ကျွန်တော် ထင်ပါတယ် ”

Photo Credit: Express

ဆွန်ဟောင်မင်နဲ့ ကိန်း အတွဲအဖက် အောင်မြင်နေရတဲ့ လျှို့ဝှက်ချက်က ဘာလဲလို့ မေးလိုက်တဲ့ အခါမှာတော့ ကိန်းက အခုလိုပဲ ဖြေကြားသွားခဲ့ပါတယ်။ “ တစ်ယောက်နဲ့ တစ်ယောက်ကြား နားလည် မှု ရှိတာလို့ ကျွန်တော် ထင်တယ်။ အဲ့ဒါက တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုလို့လည်း ထင်တယ်။ ဒီနေ့က အံ့ဩစရာကောင်းတဲ့ ဂိုးဖန်တီးမှုတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ဆွန် အတွက်တော့ ဂိုးရပြီး အသင်းအတွက် အခြေအနေ ကောင်းသွားတာပေါ့ ”