၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်နဲ့ ပြင်သစ်အသင်းတို့ ကွာတားဖိုင်နယ်ပွဲစဉ်အတွင်း တွေ့ဆုံစဉ် အင်္ဂလန်ဘက်က ဒုတိယမြောက် ချေပဂိုးကို သွင်းယူနိုင်မယ့် ပင်နယ်တီ ကန်သွင်းခွင့်ကို ရရှိရင်း ဒီပင်နယ်တီကို ပထမအကြိမ် ပင်နယ်တီ သွင်းယူထားခဲ့တဲ့ ဟာရီကိန်းကပဲ ထပ်မံ ကန်သွင်းခဲ့ရာ ဂိုးမဝင်ခဲ့တာကြောင့် အင်္ဂလန်အသင်းက ပြင်သစ်ကို (၂)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေပါ ထွက်ခွာသွားခဲ့ရပါတယ်။

Harry Kane missed a second penalty as England crashed out of the World Cup vs France but Tottenham boss Antonio Conte is backing him to bounce back

Photo Credit : The Sun

စပါးတိုက်စစ်ကစားသမား ဟာရီကိန်းဟာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရင်း ပါဝင် ဆင်နွဲခဲ့ရာ အင်္ဂလန်အတွက် (၂)ဂိုး သွင်းယူပြီး (၃)ဂိုးပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ကိန်းဟာ အင်္ဂလန်နဲ့ ပြင်သစ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲကိုလည်း အင်္ဂလန်အသင်းအတွက် ပါဝင်လာရင်းနဲ့ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးတစ်ဂိုးကို ပင်နယ်တီကနေတစ်ဆင့် သွင်းယူနိုင်ခဲ့ပေမယ့် တစ်ဖက်ကို (၂)ဂိုးစီ သရေကျသွားနိုင်မယ့် ပင်နယ်တီ ကန်သွင်းခွင့် နောက်တစ်ကြိမ် ရလာခဲ့ချိန်မှာ ကိန်းကပဲ ဒီပင်နယ်တီကို ကန်သွင်းခဲ့ရာ ဂိုးပေါက်နဲ့ လွဲချော်ခဲ့ရပြီး အင်္ဂလန်လည်း ပြင်သစ်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပါတယ်။

Antonio Conte is adamant Harry Kane will bounce back like Roberto Baggio

Photo Credit : The Sun

ဒီလို ပင်နယ်တီ လွဲချော်ခဲ့သူ ကိန်းနဲ့ ပတ်သတ်ပြီး စပါးနည်းပြ ကွန်တီက “ကျွန်တော် ၁၉၉၄ကမ္ဘာ့ဖလားမှာတုန်းက ပင်နယ်တီ မလွဲချော်ခဲ့ရဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ပင်နယ်တီမှ မကန်ခဲ့ရတာ။ ဒါပေမယ့် ပင်နယ်တီ စပယ်ရှယ်လစ်တွေလို့ သတ်မှတ်ရမယ့် ဘက်ဂီယို ဒယ်လ်ပီယာရိုတို့လို ကစားသမားတွေ အခု ဟာရီကိန်းလို ကစားသမားတွေ အရေးပါတဲ့ ပင်နယ်တီတွေ လွဲချော်ခဲ့တာကိုတော့ မြင်တွေ့ခဲ့ဖူးပါတယ်။ ဒါက သာမာန် ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ပင်နယ်တီ ကန်သွင်းရတယ်ဆိုတာက ပင်နယ်တီ ကန်သွင်းတာ ကျွမ်းကျင်သူပဲဖြစ်ဖြစ် တခြား ကစားသမားတွေပဲဖြစ်ဖြစ် ဂိုးဝင်နိုင် မဝင်နိုင်ဆိုတာက ခန့်မှန်းလို့ မလွယ်ကူပါဘူး။ ဒါပေမယ့် ခင်ဗျားသာ ပင်နယ်တီ လွဲချော်ခဲ့ရမယ်ဆိုရင် ခင်ဗျားအနေနဲ့ စိတ်ထဲမထားပဲနဲ့ ပြန်လည် စတင်နိုင်အောင် လုပ်ဆောင်ရပါလိမ့်မယ်” လို့ မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။ ကိန်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း စပါးအသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၁၂)ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီး မန်စီးတီး တိုက်စစ်မှူး ဟာလန်းပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်လျက် ရှိနေပါတယ်။