ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ ဘုတ်အဖွဲ့က လက်ရှိ အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ကွန်တီကို စာချုပ်သစ် မချုပ်ဆိုတော့ပဲ ရာသီကုန်ချိန်မှာ ကွန်တီနဲ့ လမ်းခွဲဖို့ စတင် စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာန တချို့က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဂျူဗင်တပ် ၊ ချယ်လ်ဆီးနဲ့ အီတလီတို့ကို ကိုင်တွယ်ဖူးတဲ့ အီတလီလူမျိုး ထိပ်သီးနည်းပြဖြစ်သူ ကွန်တီက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှ စတင်ကာ စပါးကို တာဝန်ယူ ကိုင်တွယ်နေသူ ဖြစ်ပြီး သူနဲ့ စပါးတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Goal

ကွန်တီဟာ ထိပ်တန်းနည်းပြ တဦး ဖြစ်တာကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စပါးကို ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် ကူညီပေးနိုင်ခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ထိုက်သင့်တဲ့ ရလဒ်ကောင်းတွေနဲ့အတူ စပါးကို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်အောင် ဦးဆောင် လမ်းပြပေးထားနိုင်ပါတယ်။

ဒါပေမယ့် ကွန်တီက စပါးနဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့ အထိ မျှော်မှန်းထားတာကြောင့် အသင်းအတွက် ကစားသမားသစ်တွေ ခေါ်ပေးဖို့ စပါးဘုတ်အဖွဲ့ထံ အဆက်မပြတ် တောင်းဆိုနေခဲ့ပြီး သူ့ရဲ့ တောင်းဆိုမှုတွေဟာ စပါးလို ဘဏ္ဍာရေး အင်အားနည်းပါးတဲ့ အသင်းအတွက် ဝန်ထုပ်ဝန်ပိုး တခုလို ဖြစ်လာခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ စပါးရဲ့ ဘုတ်အဖွဲ့မှာ ပါဝင်တဲ့ တာဝန်ရှိသူ တချို့က အပြောင်းအရွှေ့ရာသီ ရောက်တိုင်း တန်ကြေးမြင့် ကစားသမားတွေကို ခေါ်ယူပေးဖို့ တောင်းဆိုလေ့ ရှိတဲ့ ကွန်တီကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားနေကြပြီး စပါးရဲ့ ဘုတ်အဖွဲ့ထဲမှာ ကွန်တီကို သဘောမကျတဲ့ လူတွေ ပိုမို များပြားလာကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနက ဆိုပါတယ်။

90 Min သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးရဲ့ ဘုတ်အဖွဲ့ဝင် တချို့က ကွန်တီရဲ့ ခံစစ်အားပြု ကစားဟန်ကို သဘောမကျသလို သူ့ရဲ့ ကစားသမားသစ် ခေါ်ပေးဖို့ အဆက်မပြတ် တောင်းဆိုနေမှုကိုလည်း မျက်စိစပါးမွှေး စူးနေတာကြောင့် ကွန်တီနဲ့ လမ်းခွဲဖို့ စိတ်အားထက်သန်နေကြပြီး အဆိုပါ ဘုတ်အဖွဲ့ဝင်တွေက ကွန်တီကို ရာထူးကနေ ထုတ်ပယ်ပြီးရင် အသင်းရဲ့ နည်းပြဟောင်း ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ပြန်ခန့်ဖို့ အသင်းရဲ့ ဥက္ကဌ လီဗိုင်းထံ တင်ပြထားကြောင်းလည်း သိရပါတယ်။