ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်(၃၅)ရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံးသောပွဲစဉ်ဖြစ်တဲ့ စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့လန်ဒန်ဒါဘီပွဲစဉ်ကတော့ ထင်ထားတဲ့အတိုင်း အတော်လေးကို အကြိတ်အနယ်ရှိခဲ့ပြီး ဒါဘီပွဲကောင်းတစ်ပွဲအသွင် ဆောင်ခဲ့သလို စပါးအသင်းက Comeback နိုင်ပွဲနဲ့ အာဆင်နယ်ကို (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ယူသွားခဲ့ပါတယ်။

အိမ်ရှင်စပါးအသင်းဘက်မှာ ဟယ်ရီကိန်း ဆွန်ဟောင်မင် မော်ရာ လိုဆယ်ဆို ဆစ်ဆိုခို ဟယ်ရီဝင့်စ် အော်ရီယာ အယ်ဒါဝီရယ် ဆန်းချက်ဇ် ဒေးဗီစ်နဲ့ လိုရစ်တို့ ပါဝင်လာခဲ့သလို အာဆင်နယ်ဘက်မှာလည်း လာကာဇက် အူဘာမီယန်း ပေပေ တီယာနေး ချာကာ စီဘယ်ယို့စ် ဘယ်လာရင် ကိုလာစီနက် ဒေးဗစ်လုဇ် မူစတာဖီနဲ့ မာတီနက်ဇ်တို့ ပါဝင်ကစားသွားခဲ့ပါတယ်။ နောက်ပိုင်းပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနေတဲ့ အာဆင်နယ်က ပထမပိုင်းမှာ အိမ်ရှင်အသင်းထက် ပိုကောင်းအောင် ကစားခဲ့ပေမယ့် အူဘာမီယန်း ခြေသိပ်မပေါ်ခဲ့သလို ပေပေကလည်း အသင်းအတွက် အကျိုးမပြုနိုင်ခဲ့ပါဘူး။ ပွဲချိန်(၁၆)မိနစ်မှာ လာကာဇက်က တော်တော်လေးကောင်းတဲ့ ကန်ချက်နဲ့ အဖွင့်ဂိုးကို စတင်ပိုင်ဆိုင်ခဲ့ပေမယ့် မိနစ်ပိုင်းအတွင်းမှာ အာဆင်နယ်ခံစစ် အမှားအယွင်း လုပ်ဆောင်မိခဲ့ရာကနေ အခွင့်အရေးရသွားခဲ့တဲ့ ဆွန်ဟောင်မင်က ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

စပါးက ဒီနေ့ပွဲစဉ်မှာ အာဆင်နယ်ရဲ့အမှားတွေကနေ အလစ်ငိုက်ဖမ်းပြီး ကောင်တာတိုက်စစ်တွေနဲ့ ပြန်လည်ထိုးဖောက်မယ့် နည်းဗျူဟာကို အသုံးပြုလာခဲ့ပြီး သွင်းဂိုးတွေ ထပ်မပေးရအောင်ကို သတိထားကစားသွားခဲ့ပါတယ်။ အာဆင်နယ်ကတော့ ဒုတိယပိုင်းမှာလည်း စပါးဘက်ကို ဖိအားပေးနိုင်ခဲ့ပြီး အူဘာမီယန်းရဲ့ဂိုးကန်ချက်(၂)ကြိမ်လည်း တိုင်ထိခဲ့ရလို့ နစ်နာခဲ့ပါတယ်။ ပွဲပြီးခါနီး (၈၁)မိနစ်လောက်မှာ ဆွန်ဟောင်မင်ကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကနေတစ်ဆင့် အယ်ဒါဝီရယ် ခေါင်းတိုက်ပြီး စပါးအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။