ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ဟာ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းမှာ နေရာမရတဲ့ ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမား ကော်တင်ဟိုကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ယခုထဲက အပြိုင်အဆိုင် ချိတ်ဆက်နေကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမား ကော်တင်ဟိုဟာ တချိန်က အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တဦး အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် လီဗာပူးအသင်း ကနေ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၃၅သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသူပါ။

Photo Credit: Goal

ကော်တင်ဟိုဟာ စပိန်မြေမှာ အသားကျဖို့ ရုန်းကန်ခဲ့ရသလို ဂျာမန် အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ် အသင်းထံ အငှားနဲ့ သွားရောက် ကစားစဉ်မှာလည်း နေရာရဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို ပြန်လည် ရောင်းထုတ်ဖို့ စဉ်းစားနေပါတယ်။

ဒါပေမယ့် ခြေစွမ်းပိုင်း ကျဆင်းနေသလို ကြံ့ခိုင်မှုပိုင်းလည်း စိုးရိမ်နေရတဲ့ ကော်တင်ဟိုကို အပြီးသတ် ခေါ်ယူချင်တဲ့ အသင်းတွေ မရှိတာကြောင့် ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို အငှားနဲ့ ခေါ်ယူဖို့ အတွက် ကမ်းလှမ်းမှုတွေ ရှိလာပါကလည်း လက်ခံဖို့ ဆုံးဖြတ်ထားကြောင်း ဘာစီလိုနာအသင်းရဲ့ အတွင်းသတင်းတွေ အရ သိရပါတယ်။

Photo Credit: Goal

နာမည်ကျော် စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Mundo Deportivo သတင်းဌာနက လန်ဒန်မြို့ အခြေစိုက် အသင်းနှစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ဟာ ကော်တင်ဟိုကို ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ အတွက် စီစဉ်နေပြီး ကော်တင်ဟိုကလည်း သူ့ရဲ့ အောင်မြေ ဖြစ်ခဲ့ဖူးတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ဆီ ပြန်လည် ပြောင်းရွှေ့လိုနေကြောင်း ယနေ့ မနက်ပိုင်းမှာပဲ ဖော်ပြလာခဲ့ပါတယ်။

ဘာစီလိုနာအသင်း ကတော့ ကော်တင်ဟိုကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ အငှားကြေး ပေးချေစရာ မလိုပဲ သူ့ရဲ့ လုပ်ခလစာကိုသာ ၇၀ရာခိုင်နှုန်း ပေးချေဖို့ လိုအပ်ကြောင်း ကော်တင်ဟိုရဲ့ အေးဂျင့်ဖြစ်သူကို အသိပေးထားပြီး စပါးအသင်းဟာ ကော်တင်ဟိုကို ခေါ်ယူနိုင်ဖို့ ပိုမို အခွင့်အလမ်း များနေကြောင်း Football London သတင်းဌာနကလည်း ဖော်ပြထားပါတယ်။