ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်ကြတဲ့ စပါးနဲ့ လီဗာပူးတို့က ယခုနှစ် ပရီးမီးယားလိဂ်ရာသီမှာ ဝုလ်ဗ်နဲ့အတူ တောက်ပနေတဲ့ တောင်ကိုရီးယား တိုက်စစ်မှူး ဟွမ်ဟီချန်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football Insiderက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် တောင်ကိုရီးယား လက်ရွေးစင် တိုက်စစ်မှူး ဟွမ်ဟီချန်က ၂၀၂၂ခုနှစ်မှာ လိုက်ပ်ဇစ် ကနေ ဝုလ်ဗ်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၆.၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ရာသီမှာ ပွဲထွက်ခွင့် သိပ်မရခဲ့ပေမယ့် ဒီရာသီမှာတော့ ဝုလ်ဗ်ရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားပါတယ်။

Photo Credit: Sky Sports

ဟွမ်ဟီချန်က ဒီရာသီမှာ ဝုလ်ဗ်အတွက် ပြိုင်ပွဲစုံမှာ ၂၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၁ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ် ရရှိခဲ့ပါတယ်။

ဟွမ်ဟီချန်က ဂိုးသွင်းအားကောင်းသလို တိုက်စစ်ရဲ့ နေရာစုံမှာ ဆော့ကစားနိုင်စွမ်း ရှိတာကြောင့် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးကလပ်တွေ အပါအဝင် ဥရောပရဲ့ ထိပ်သီးအသင်း တချို့က သူ့ကို စောင့်ကြည့်မှုတွေ လုပ်လာကြပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football Insiderရဲ့ ဖော်ပြချက်အရ လီဗာပူးနဲ့ စပါးတို့က ဟွမ်ဟီချန်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပြီး စပါးက ဟွမ်ဟီချန်ကို ဆွန်ဟောင်မင်နဲ့ တွဲဖက်ပေးဖို့ ခေါ်ယူချင်နေတာ ဖြစ်ကြောင်း သိရှိရပါတယ်။

ဟွမ်ဟီချန်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ရက်နေ့မှာမှ ဝုလ်ဗ်နဲ့ ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားတာကြောင့် ယခု ဆောင်းဈေးကွက် အတွင်းမှာ အသင်းပြောင်းဖို့ မစဉ်းစားထားပေမယ့် လာမယ့် နွေရာသီမှာ အသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုတွေ ရောက်လာရင် အသင်းပြောင်းဖို့ စဉ်းစားနိုင်ပါတယ်။